ကေအိုင်အို လုပ်ငန်း အဖွဲ့ လုပ်ငန်း စတင်

  • 3 ဇူလိုင် 2013
Kachin Peace talks in May 2013
Image caption ဆွေးနွေးပွဲ သဘော တူညီချက်ကို ကချင်ဘက်က စတင် အကောင် အထည်ဖော်နေ

ပြီးခဲ့တဲ့ မေလကုန်က အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ကြား သဘောတူ ခဲ့ကြတဲ့ အချက် ၇ ချက် ထဲမှာ ပါတဲ့ အချက် တစ်ချက် ဖြစ်တဲ့ Technical Team အလုပ် အဖွဲ့ရုံး ဖွင့်လှစ်ရေး စတင် အကောင် အထည် ဖော်ဖို့ ကေအိုင်အို အရာရှိတွေ မြစ်ကြီးနား မြို့မှာ ရောက်နေကြ ပါတယ်။

အင်္ဂါနေ့က မြစ်ကြီးနားကို ရောက်လာတဲ့ ဒီလုပ်ငန်း အဖွဲ့မှာ အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ဂေါ်လု လအောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါးနဲ့ ဆရာ ဦးဒေါင်ခါး စတဲ့ ထိပ်ပိုင်း ခေါင်းဆောင် လေးယောက် အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၁၂ ယောက် ပါဝင် ပါတယ်။

ကေအိုင်အို ဘက်က လုပ်ငန်း အဖွဲ့ဝင် တွေနဲ့ အရပ် ဘက်က ပါဝင်မယ့် အဖွဲ့ဝင်တွေ ကြားမှာ ဗုဒ္ဓဟူး နေ့က စပြီး ညှိနှိုင်း ဆွေးနွေး လုပ်ဆောင် နေပြီလို့ ကေအိုင်အို အလုပ်အဖွဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဆက်သွယ်ရေး အရာရှိ ဦးဒေါင်ခါးက ပြောပါတယ်။

ရုံးခန်းကိုတော့ လာမယ့် ၂၀ ရက်နေ့ လောက်မှ တရားဝင် ဖွင့်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ကချင် အရပ်ဘက်က ဘယ်အဖွဲ့ အစည်းတွေ ဘယ်သူတွေ ပါမယ် ဆိုတာ တော့ အခုချိန်ထိ မသတ်မှတ်ရသေးဘူးလို့ သူက ပြောပါတယ်။

အလုပ် အဖွဲ့ရုံး အနေနဲ့ အစိုးရနဲ့ ကေအိုင်အိုကြား သဘော တူညီခဲ့ကြတဲ့ အချက် ၇ ချက်ကို အကောင် အထည် ဖော်ရာမှာ အဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်ဖို့၊ အရပ်ဘက် လူထုရဲ့ ဆန္ဒတွေ ပါဝင်နိုင် စေဖို့၊ နိုင်ငံရေး ဆွေးနွေးမှု ဘက်ကို ပိုမို အားကောင်း လာစေဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

သဘော တူညီချက် ၇ ချက် ထဲမှာ ပါတဲ့ အလုပ် အဖွဲ့ရုံး ဖွင့်လှစ် နိုင်ရေးကို ပထမ ဆောင်ရွက် နေချိန်မှာ ကေအိုင်အိုနဲ့ အစိုးရ အကြား နှစ်ဘက် ပိုမို နီးနီးကပ်ကပ် ဆက်ဆံပြီး နှစ်ဘက် ထိတွေ့ ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ