ပုံနှိပ် ထုတ်ဝေ ဥပဒေကို စာနယ်ဇင်း သမားတွေ မကျေနပ်

  • 4 ဇူလိုင် 2013
Burma Press
Image caption ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းက စာပေလောကကို ထိန်းချုပ်တာလို့ သတင်း သမားတွေ ယူဆ

ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို သတင်းနဲ့ စာနယ်ဇင်းသမားတွေ သိပ်ဘဝင် မကျ ဖြစ်နေကြ ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်း ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ကြာသပတေးနေ့က ပြည်သူ့ လွှတ်တော်မှာ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကို သီးခြား ထုတ်စရာ မလိုဘဲ အခု လွှတ်တော်ကို တင်သွင်း ထားတဲ့ မီဒီယာ ဥပဒေ တခုတည်း ကိုပဲ အတည်ပြု သုံးစွဲမယ်ဆိုရင် လုံလောက်တယ်လို့ စာနယ်ဇင်း သမား တွေက ပြော နေကြတာပါ။

စာနယ်ဇင်း ကောင်စီ မီဒီယာ ဥပဒေရေးဆွဲရေး အဖွဲ့ဝင် ဦးဇော်သက်ထွေးက အခု ဥပဒေဟာ စာပေလောကကို ထိန်းချုပ် ချင်လို့ ရေးဆွဲတဲ့ ဥပဒေလို့ ထောက်ပြ ဝေဖန် ပါတယ်။

တိုင်းပြည် အတွက် မရေး သင့်တဲ့ အချက်တွေကို ကန့်သတ် ချင်တဲ့ အတွက် ပြည်သူ့ လွှတ်တော်က အတည်ပြု ပေးလိုက်တာ ဖြစ်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒီဥပဒေက တားမြစ်တဲ့ အချက် လေးချက်က တိုင်းရင်းသား လူမျိုး တွေနဲ့ ဘာသာ မတူ သူတွေကြားမှာ အကျိုးစီးပွား ထိခိုက်စေနိုင်တဲ့ အကြောင်း အရာတွေ၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်စီး စေနိုင်တာတွေ၊ ဆူပူမှု၊ ရာဇဝတ်မှုနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် တာတွေ၊ ညစ်ညမ်း စာတွေ ကို ရေးသားခွင့် ကန့်သတ်တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

မှတ်ပုံ မတင်ဘဲ ပုံနှိပ် ထုတ်ဝေတဲ့ လုပ်ငန်းကို လုပ်ဆောင်မယ်၊ တားမြစ်တဲ့ လေးချက်ကို မလိုက်နာဘူး ဆိုရင် ဒါဏ်ငွေ ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ချမှတ် ခံရ နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် အခု ဥပဒေ အရ မိတ္တူ ကူးစက်ဆိုင်နဲ့ အသေးစား လုပ်ငန်းငယ်တွေ အခက်တွေ့ သွားနိုင်တယ်လို့ လွှတ်တော် အမတ်တချို့က ဝေဖန် ပါတယ်။

အခုတော့ ဒီဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က အတည်ပြုပြီး ဖြစ်လို့ အမျိုးသား လွှတ်တော်မှာ ပြင်ဆင် ဖြည့်စွက်တာ မရှိရင် အတည် ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ