UWSA နဲ့ အစိုးရတပ်တွေအကြား စစ်ရေး အလားအလာ

  • 4 ဇူလိုင် 2013
Image caption အစိုးရရဲ့ တောင်းဆိုချက်တွေကို UWSA လက်မခံ

UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ နယ်မြေဘက်ကို အစိုးရ စစ်တပ်က သံချပ်ကာ ကားတွေနဲ့ ဝင်ရောက် ဝိုင်းရံထားပြီး နှစ်ဘက်အကြား အခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း UWSA ဆက်ဆံရေးရုံးတွေ ပိတ်ပစ်ခဲ့ရတယ် ဆိုတဲ့ သတင်းတွေကတော့ မဟုတ်မမှန်ဘူးလို့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

ဆက်ဆံရေး ရုံးတွေမှာ ရုံးတာဝန်ခံတွေ မရှိတာသာ ဖြစ်ပြီး ရုံးစောင့်တဲ့သူတွေနဲ့ ရုံးလုပ်သားတွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

UWSA ထိန်းချုပ်နယ်မြေတွေမှာ ရာဘာခြံတွေ မချဲ့ဖို့၊ အခွင့်မရပဲ မြို့သစ် ရွာသစ်တွေ မဆောက်ဖို့ ၊ အခွင့်မရပဲ ခရီးမသွားလာဖို့၊ သွားရင်လည်း စစ်ဝတ်စုံ လက်နက်တွေ မကိုင်ဖို့နဲ့ ထိုင်းနယ်စပ်က UWSA တပ်စခန်းတွေ အားလုံး သိမ်းပေးဖို့နဲ့ ဂျူလိုင်လ ၇ရက်အတွင်း အရေးကြီးတဲ့ တပ်စခန်း ၄ခုကို ရုပ်သိမ်းပေးဖို့ စတဲ့ အချက်တွေကို အစိုးရဘက်က တောင်းဆိုထားပြီး UWSA ဘက်က လုံးဝ လက်မခံဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်က နေပြည်တော်မှာ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ နဲ့ အစိုးရ တွေ့ဆုံစဉ်မှာ အစိုးရအနေနဲ့ UWSA တပ်ဖွဲ့ကို တိုက်ဖို့ အစီအစဉ် မရှိသေးကြောင်း၊ ဒါပေမယ့် UWSA တပ်ဖွဲ့တွေကို ဝိုင်းရံထားဖို့ နဲ့ အစိုးရတပ်တွေရဲ့ ခွင့်ပြုချက်နဲ့သာ သွားလာ လုပ်ကိုင် လှုပ်ရှားခွင့်ပြုဖို့ ရှိကြောင်း အစိုးရက အဲဒီ အချိန်က ပြောခဲ့တယ်လို့ ဦးခွန်ဆိုင်းက ဆိုပါတယ်။