ooredoo က မြန်မာမှာ ၁၅ ဘီလျံ မြှုပ်နှံမယ်

  • 5 ဇူလိုင် 2013
Image caption ငါးနှစ် ကာလ အတွင်း ရာနှုန်းပြည့် နီးပါး မြန်မာတွေ ကိုပဲ အလုပ် ခန့်ထား ဆောင်ရွက် မယ်

မြန်မာ နိုင်ငံမှာ telecom ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ရရှိ ထားတဲ့ ooredoo ကုမ္ပဏီ က လာမယ့် ၁၅ နှစ် အတွင်း မြန်မာ ပြည်မှာ ဒေါ်လာ ၁၅ ဘီလျံ အထိ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ရှိလာ နိုင်တယ်လို့ ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal Hotel မှာ ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ooredoo က ပြောကြား လိုက်တာ ဖြစ်ပြီး၊ လာမယ့် ငါးနှစ် ကာလ အတွင်း မြန်မာ နိုင်ငံက သူတို့ ကုမ္ပဏီမှာ ရာနှုန်းပြည့် နီးပါး မြန်မာတွေ ကိုပဲ အလုပ် ခန့်ထား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ooredoo က ပြောပါတယ်။

လက်ရှိ လူ သန်း ၉၀ ကျော်ကို ဝန်ဆောင်မှု ပေးနေတဲ့ ooredoo ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ငါးနှစ် အတွင်း ကမ္ဘာမှာ အလျှင်မြန်ဆုံး ကြီးထွား ဖွံ့ဖြိုး လာနေတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ တခု ဖြစ်တယ်လို့ ဆိုရင်း မြန်မာ နိုင်ငံကို နောက်ဆုံးပေါ် နည်းပညာတွေ သယ်ဆောင် လာပေးမှာ ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တွေက ကတိပြု ပြောကြားခဲ့ ပါတယ်။

သုံးစွဲသူ အကြိုက်တွေ့ စေဖို့ ဆိုတဲ့ အချက်ပေါ် အခြေခံပြီး မြန်မာ တွေကို အကောင်းဆုံး ဝန် ဆောင်မှုပေးဖို့ အတွက် မြန်မာ အလုပ် သမားတွေကိုပဲ အဓိက အားကိုး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အဆင့်မြင့် ကိုယ်စားလှယ် တဦးဖြစ်တဲ့ Mr Ross Cormack က ပြောပါတယ်။

ooredoo ကုမ္ပဏီဟာ အာရပ် မွတ်ဆလင် နိုင်ငံ တခု ဖြစ်တဲ့ ကာတာမှာ အခြေပြု တာမို့ မြန်မာ နိုင်ငံက အင်တာနက် လူမှုရေး မီဒီယာ တွေမှာ ဝေဖန် ဆန့်ကျင် မှုတွေ ရှိတာနဲ့ ပတ်သက် လို့လည်း ooredoo ဟာ မြန်မာ ပြည်မှာ မြန်မာ အခြေစိုက် ကုမ္ပဏီ တခု အနေနဲ့ ဆက်လက် ရပ်တည် သွားမယ်လို့ တုံ့ ပြန်ခဲ့ ပါတယ်။

မိုဘိုင်းဖုန်း တွေမှာ 3G network နည်း ပညာကို အသုံးပြုမှာ ဖြစ်တယ်လို့ ooredoo ကုမ္ပဏီရဲ့ စီးပွားရေး မဟာဗျူဟာ ဆိုင်ရာ အကြီး အကဲ Nicholas Swierzy ကပြော ပါတယ်။ မြန်မာ နိုင်ငံရဲ့ ဈေးကွက် အနေ အထားနဲ့ ပတ်သက် လို့လည်း ရေရှည်မှာ လက်ရှိ ကျွမ်းကျင် သူတွေ ခန့်မှန်း ထားတဲ့ ၂ ဘီလျံ တန်ဖိုး ထက် အများကြီး ပိုလိမ့် မယ်လို့ သူက ဆိုပါတယ်။

ooredoo ကုမ္ပဏီ အနေနဲ့ အကောင်းဆုံး ဝန်ဆောင် မှုတွေ ပေးမယ်၊ နောက်ဆုံးပေါ် နည်းပညာ တွေကို ယူလာမယ်၊ မြန်မာ တွေကို အလုပ် ခန့်မယ် ဆိုတာ တွေကို အဓိက ပြောခဲ့ကြ ပေမယ့် ဘယ်လို စက်ပစ္စည်း ကိရိယာတွေ သုံးမယ်၊ ဖုန်းခေါ်ခ ဘယ်လို ကောက်ခံမယ်၊ ဘယ်လောက် မြန်မြန် လုပ်ငန်း စမယ် ဆိုတာ တွေကို တော့၊ ခုချိန်မှာ ပြောဖို့ စောသေးတယ်လို့ သာဆိုပြီး ထုတ်ဖော် ပြောခဲ့ခြင်း မရှိပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ