ရိုးမဘဏ်ကို အခွန်တောင်းတဲ့ ကိစ္စ SSA တောင်ပိုင်း ငြင်းဆို

  • 5 ဇူလိုင် 2013
SSA Soldier
မူဆယ်၊နမ့်ခမ်း ဘက်မှာ အခုချိန်ထိ SSA ဘက်က ထိန်းချုပ်လို့ မရနိုင်သေးဘူး လို့ဆို

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/ SSA က သူ့ကို အခွန်ငွေ ကျပ်သိန်း ၁ဝဝ ပေးရမယ်လို့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ ရိုးမဘဏ်ကို စာရေးပြီး တောင်းခံခဲ့ တဲ့အကြောင်း သောကြာနေ့ထုတ် သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။

SSA တောင်ပိုင်း ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက သူတို့မှာ ငွေတောင်းခံ ခိုင်းတဲ့ မူဝါဒ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်

ရိုးမဘဏ် ဘက်ကတော့ သူတို့ကို SSA က အခွန်ငွေ တောင်းခံ တာနဲ့ပတ်သက်ပြီး မူဆယ် ရဲစခန်းကို အကြောင်းကြား ထားတယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

ငွေတောင်းခံစာ ထဲမှာ ထည့်သွင်းထားတဲ့ ဆက်သွယ်ရမယ့် တရုပ်နိုင်ငံသုံး ဖုန်းနံပါတ်ကို ဘီဘီစီက ဆက်သွယ်တဲ့ အခါ လက်ခံ ဖြေသူက သူဟာ SSA က တာဝန်ရှိသူ ဖြစ်ပြီး အထက်လူကြီးတွေ တောင်းခိုင်းတာ လို့ အခိုင်အမာ ပြောပါတယ်။

SSA ပြောခွင့် ရသူကတော့ မူဆယ်နဲ့ နမ့်ခမ်း ဘက်မှာ အပစ် မရပ်ခင် ကတည်းက SSA အဖွဲ့ တွေက အခြေစိုက်ပြီး ပြောက်ကျား ပုံစံ လှုပ်ရှားမှုတွေ ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်း အစိုးရက ဝင်တိုက်ခဲ့ပြီးတဲ့နောက်မှာ အဖွဲ့တွေ ကွဲသွား ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ပြန်လည် ထိန်းချုပ် နိုင်ခြင်း မရှိ သေးဘူး၊ အခြေ အနေတွေကလည်း ရှုပ်ထွေး နေတယ်လို့ ပြောပါတယ်။

သူတို့ အဖွဲ့ အနေနဲ့ အရင်က အခွန်ကောက်တာ ရှိခဲ့ပေမဲ့ အပစ်ရပ် သဘောတူခဲ့ ပြီးတဲ့နောက်မှာ အခွန် ကောက်ခံခြင်း ရပ်တန့်မယ်၊ တပ်သားသစ် စုဆောင်းတာ ရပ်တန့်မယ် ဆိုတာ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ခုချိန်ထိတော့ ရိုးမဘဏ်ကို ငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး အစိုးရက သူတို့ကို တရားဝင် ဆက်သွယ် မေးမြန်း လာတာ မရှိ သေးဘူးလို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ