လက်ပံတောင်း စီမံကိန်း စာချုပ် ပြင်ဆင်ပြီးပြီ

  • 6 ဇူလိုင် 2013
Image caption မြန်မာ ပြည်သူတွေ ကြားမှာ သံသယတွေ ကြီးကြီး မားမား ရှိနေဆဲ ဖြစ်ပါတယ်

လက်ပန်းတောင်း တောင်ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ စာချုပ် ပြင်ဆင် ချက်တွေကို ကြာသပတေးနေ့ တုန်းက အပြီးသတ် ဆွေးနွေး ခဲ့ပြီး ဖြစ်ကြောင်း ဝမ်ပေါင် တရုတ် ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ် ကုမ္ပဏီတွေဟာ ဥပဒေနဲ့ စာချုပ် စာတမ်းပါ စည်းကမ်း တွေကို လိုက်နာပြီး သဘာဝ ပတ်ဝန်းကျင်၊ အလုပ်သမား အခွင့်အရေး၊ လူမှုရေး ကိစ္စရပ်တွေကို တာဝန် သိသိ နဲ့ ဆောင်ရွက်သွားမယ့် အကြောင်း တရုတ်ပြည် ကုမ္ပဏီများ အသင်းကလည်း ကတိပြုခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ အရင်က သဘောတူညီချက်မှာ အကျိုး အမြတ် ၃၀ ရာနှုန်းကိုသာ မြန်မာ အစိုးရက တိုက်ရိုက် ရရှိခဲ့ရာကနေ အခုတော့ ၅၁ ရာနှုန်းကို ရရှိမှာ ဖြစ်တယ် လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာက ထုတ်ဖော် ပြောလိုက်ပါတယ်။ ရန်ကုန်မြို့က တရုတ် သံရုံးရဲ့ အစီအစဉ်နဲ့ ကျင်းပတဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်နေတဲ့ တရုတ် ကုမ္ပဏီတွေရဲ့ သတင်းစာရှင်း လင်းပွဲမှာ သူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ မနက်က ပြုလုပ်ခဲ့တဲ့ ညှိနှိုင်း ဆွေးနွေးပွဲမှာ မြန်မာအစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနကို အကျိုး အမြတ် ပိုပြီး ပေးမယ့် စာချုပ် ပြင်ဆင်ချက် တခုကို အပြီးသတ် သဘောတူခဲ့ ကြောင်း သူက ပြောခဲ့တာ ဖြစ်ပြီး အဲဒီ သဘောတူညီချက် အရ အခု လက်ပံတောင်းတောင်မှာ ဖက်စပ် လုပ်ကိုင် နေတဲ့ ကြေးနီ စီမံကိန်းက ရတဲ့ အကျိုး အမြတ်ရဲ့ ၅၁ ရာနှုန်းကို မြန်မာ အစိုးရက ရရှိမှာ ဖြစ်ပြီး၊ ဝမ်ပေါင် ကုမ္ပဏီနဲ့ အခြား အစုစပ် ကုမ္ပဏီလို့ သူက ရည်ညွှန်းတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်တို့က ကျန်တဲ့ ၄၅ ရာနှုန်း အကျိုး အမြတ်ကို ခွဲဝေယူရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကို မြန်မာ အစိုးရ ဘက်က မကြာခင် လူထုကို အသိပေး ထုတ်ပြန် ကြေညာ လိမ့်မယ်လို့လည်း သူက ပြောပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံက စီးပွား ရေး ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေနဲ့ တရုတ် သံရုံး အရာရှိတွေ တက်ရောက် ခဲ့ပြီး အဖွဲ့ဝင် ၁၃၅ ခု ထက် မနည်းရှိတဲ့ တရုတ် ပြည် ကုမ္ပဏီများ အသင်းက သူတို့ အနေနဲ့ မြန်မာပြည်မှာ လုပ်ငန်း ဆောင်ရွက်တဲ့ အခါ လိုက်နာမယ့် အဆိုပြုချက် စည်းကမ်းချက် ၆ ချက်ကို ကြေညာခဲ့ပါတယ်။

အဲဒီထဲမှာ အဓိက ဖော်ပြထားတဲ့ အကြောင်းအရာတွေ ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကိုင်ရာမှာ နှစ်နိုင်ငံ ဥပဒေတွေနဲ့ စာချုပ်ပါ စည်းကမ်း ချက် တွေကို တိတိ ကျကျ လိုက်နာပြီး၊ အလုပ် သမား အခွင့် အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုရေးနဲ့ ဘာသာရေး တွေကိုလည်း အလေးထား မယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံမှာ လူမှုရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကူ အညီတွေ ပေးခဲ့တာ ကိုလည်း အကျယ် တဝင့် ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် တရုတ် ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုပဲ စည်းကမ်းဥပဒေ တွေကို လိုက်နာမယ်၊ မြန်မာတွေ အကျိုးအတွက် ဆောင်ရွက် မယ်လို့ ဆိုဆို၊ မြန်မာ နိုင်ငံ စစ်အုပ်ချုပ် ရေး စံနစ် လက်အောက် မှာရှိ ခဲ့တဲ့ အချိန်တုန်း က သဘောတူ ခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက် ပြီး မြန်မာ ပြည်သူတွေ ကြားမှာ သံသယတွေ ကြီးကြီး မားမား ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတော့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ မြန်မာ ပြည်သူတွေရဲ့ ယုံကြည် လက်ခံမှုကို ရအောင် ဆက်ကြိုးစားရမှာ ဖြစ်သလို ပွင့်လင်းစ မြန်မာ နိုင်ငံကို ဝင်လာ ကြမယ့် နိုင်ငံ တကာ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှု နှစ်ရပ်ကို တပြိုင်နက် ကြုံနေရ တဲ့ အနေ အထား ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ