မိတ္တီလာမှာ ဒုက္ခသည် သောင်းဂဏန်း ဆက်ရှိနေ

  • 7 ဇူလိုင် 2013
Meikhtila in Burma, AP, May 2013
Image caption မိတ္ထီလာက အပျက်အစီးပုံတစ်ခု

မိတ္ထိလာမြို့မှာ ပဋိပက္ခတွေဖြစ်တာ ၃ လ ကျော် ကြာလာပေမယ့် ဒုက္ခသည်စခန်းတွေမှာ အိမ်မပြန် နိုင်သေးတဲ့ ဒုက္ခသည် သောင်းဂဏန်း ရှိနေပါတယ်။

မေလလယ် လောက်ကစပြီး မိတ္ထိလာက နေအိမ်ဖျက်စီးခံရသူ ဒုက္ခသည်တွေကို အာဏာပိုင်တွေ အစီအစဉ်နဲ့ နေရပ်ရင်းတွေဆီ ပြန်ပို့ခဲ့ပေမယ့် အများအပြား ကျန်နေသေးတာ ဖြစ်ပါတယ်။

သောကြာနေ့ကလည်း အသုတ်ခွဲပြီး ရတနာမောင် ရပ်ကွက်က မွတ်စလင်ဒုက္ခသည်တွေကို ပြန်ပို့ ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒုက္ခသည် စခန်းအဖြစ် ဖွင့်ထားတဲ့ ခရိုင်အားကစားကွင်း၊ ရေအရင်းမြစ်ရုံး၊ ပို့ဆက်ရုံး နဲ့ မန္တလေးလမ်းမဘေး ဆူးလေကုန်း ရွာတွေမှာ မိတ္ထီလာ ပဋိပက္ခကြောင့် ခိုလှုံနေတဲ့ ဒုက္ခသည်ပေါင်း တစ်သောင်းလောက် ရှိဦးမယ်လို့ ဒုက္ခသည် တစ်ဦးက ပြောပါတယ်။

မြို့ပေါ် ဒုက္ခသည်စခန်းတွေမှာ ဗုဒ္ဓ ဘာသာဝင် ဒုက္ခသည်က မရှိသလောက် ဖြစ်ပြီး ခုကျန်ရှိနေသေးတဲ့ ဒုက္ခသည်အများစုက အိမ်ပိုင်မရှိလို့ အိမ်ငှားနေသူတွေနဲ့ အိမ်ပြန် မဆောက်နိုင်သေးတဲ့ ရတနာမောင် ၁ ရပ်ကွက်နဲ့ ၃ ရပ်ကွက်က အစ္စလာမ် ဘာသာဝင် အများစု ဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

နေရပ်ရင်းကို ပြန်ရောက်နေတဲ့ အခါမှာလည်း နေထိုင်ရေးနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။