ပုံနှိပ် ထုတ်ဝေ ဥပဒေကို စာနယ်ဇင်းကောင်စီ ကန့်ကွက်

  • 6 ဇူလိုင် 2013
Image caption ပုံနှိပ်နဲ့ ထုတ်ဝေ လုပ်ငန်း ဥပဒေကြမ်းကို သတင်းသမားတွေ မကျေနပ်

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲပြီး ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း ကို ကန့်ကွက်ကြောင်း ကြေညာချက် တစောင်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီက သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေကြမ်းထဲမှာ သတင်းလွတ်လပ်ခွင့်တင်မက ပြည်သူလူထုရဲ့ သတင်း သိပိုင်ခွင့်ကိုပါ အဟန့်အတား ဖြစ်စေတဲ့ အချက်တွေ ပါနေတာကြောင့် အခုလို ကန့်ကွက်စာ ထုတ်ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဘီဘီစီကို ပြောပါတယ်။

အဓိကအနေနဲ့ အဲဒီ ဥပဒေကြမ်း ပုဒ်မ၄ အခန်း၂မှာ ပါတဲ့ သတင်း အေဂျင်စီနဲ့ ပုံနှိပ် ထုတ်ဝေခြင်း လုပ်ငန်း ဆောင်ရွက်လိုသော ပြည်တွင်း အခြေစိုက်အဖွဲ့၊ ပြည်ပ အခြေစိုက်အဖွဲ့တွေ အနေနဲ့ မှတ်ပုံတင် အရာရှိထံ မိမိ လုပ်ငန်းကို အသိအမှတ် ပြုရန် လျှောက်ထားရမည် ဆိုတဲ့ အချက်က ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ အတိုင်း ဖြစ်နေတာကို ကန့်ကွက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လွှတ်တော် အမတ်တွေကတော့ တိုင်းပြည် အတွက် မရေး သင့်တဲ့ အချက်တွေကို ကန့်သတ် ချင်တဲ့ အတွက် ဒီဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က အတည်ပြု ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဥပဒေထဲမှာ တားမြစ်တဲ့ အချက် လေးချက်က တိုင်းရင်းသား လူမျိုး တွေနဲ့ ဘာသာ မတူသူတွေ အကြားမှာ အကျိုးစီးပွား ထိခိုက်စေနိုင်တဲ့ အကြောင်း အရာတွေ၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်စီး စေနိုင်တာတွေ၊ ဆူပူမှု၊ ရာဇဝတ်မှုနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် တာတွေနဲ့ ညစ်ညမ်း စာတွေ ရေးသားတာတွေကို ကန့်သတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်း ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ကြာသပတေးနေ့တုန်းက ပြည်သူ့ လွှတ်တော်မှာ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

အခု ဒီဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က အတည်ပြုပြီး ဖြစ်လို့ အမျိုးသား လွှတ်တော်မှာ ပြင်ဆင် ဖြည့်စွက်တာ မရှိရင် အတည် ဖြစ်သွားမှာ ဖြစ်ပါတယ်။