၅၁နှစ်ပြည့် ၇ ရက် ဇူလိုင်အထိမ်းအမှတ်

  • 7 ဇူလိုင် 2013
_bbc_students_union
Image caption ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ

၅၁ နှစ်ပြည့် ခုနှစ်ရက် ဇူလိုင် ကျောင်းသား လှုပ်ရှားမှု ကို ပစ်ခတ်နှိမ်နင်းမှု နဲ့ ကျောင်းသား သမဂ္ဂ ဖြိုခွဲ ခံရတဲ့ အထိမ်းအမှတ် နေ့တွေ ကို ရန်ကုန်၊ မန္တလေး၊ မကွေး နဲ့ တခြား မြို့ကြီးတွေ မှာ ကျင်းပကြ ပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အခန်းအနားနဲ့ ပတ်သက်ပြီး ဒဂုံကျောင်းသား သမဂ္ဂ အလုပ်အမှုဆောင် ကိုပိုင်ရဲသူ က ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း၊ ကျောင်းသားသမဂ္ဂ ရင်ပြင် ရှေ့မှာ အလေးပြုခြင်း၊ နှင်းဆီပန်း အနက်ရောင် တွေ ကြဲဖြန့်ခြင်း၊ ဒီကျောင်းသား သမဂ္ဂ မှ တဆင့် နိုင်ငံ့ခေါင်းဆောင် တွေ ကို မွေးထုတ်ခဲ့လို့ မြန်မာ့ လွတ်လပ်ရေး ခံစားရပုံ တွေ ကို အမှတ်တရ ဖြစ်ပုံတွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

အထက်ဗမာပြည် ဗကသ ကျောင်းသားတွေ ကလည်း မန္တလေး ကံတက်ကုန်း ဘုန်းတော်ကြီး ကျောင်းမှာ ကျင်းပပြီး ကျောင်းသားထု ရှေ့လုပ်ငန်းစဉ် နဲ့ ပတ်သက်လို့ သန္နိဌာန် ချမှု တွေ ပြုကြ ပါတယ်။ ဒါ့အပြင် သက္ကရာဇ် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် စနစ် ကို ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်း တွေ က သူတို့ရဲ့ အတွေ့အကြုံ တွေ ကို ရှင်းပြသလို၊ စကားရည်လုပွဲ နဲ့ စာတမ်း ဖတ်ပွဲ ကျင်းပကြောင်း ဗကသ များ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ဘီဘီစီ ကို ရှင်းပြပါတယ်။

ခုနှစ်ရက် ဇူလိုင် ကျောင်းသားလှုပ်ရှားမှု ကို ပစ်ခတ်နှိမ်နင်းမှု အတွင်း ရန်ကုန်တက္ကသိုလ်မှာ အဆောင်ကျောင်းသားဘဝ နဲ့ ကျောင်းသားလှုပ်ရှားမှုထဲ အစ အဆုံး ပါဝင်လှုပ်ရှားခဲ့တဲ့ မျက်မြင် ကိုယ်တွေ့ ကျောင်းသားဟောင်း ဦးနိုင်းနိုင်း ကလည်း ကျောင်းသားတွေ ကို ပစ်ခတ်ခဲ့မှု နဲ့ ပတ်သက်လို့ တရားခံ ကို ဖေါ်ထုတ်ဖို့၊ အရေးယူ ကလဲ့စား ချေရေး စတာတွေ ဟာ အချိန်ကုန်ရုံ ရှိပေမယ့် ဒီသမိုင်းအဖြစ် ကို မမေ့ကြတဲ့ အကြောင်း မှတ်တမ်းအနေနဲ့ ကျန်ခဲ့စေလို ပုံ ဘီဘီစီ ကို ပြောပြပါတယ်။