တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

  • 7 ဇူလိုင် 2013
china_burma_trade
Image caption မြန်မာ ပြည် ကို တင်သွင်း မယ့် တရုတ် ကုန်ပစ္စည်း တင် ကားတစီး နယ်စပ်မှာ တွေ့ရစဉ်

မြန်မာပြည် ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့ စနေနေ့ က ရန်ကုန် မှာ အဲဒီအရေး စည်းဝေးခဲ့ရပြီး ကုန်းလမ်းနဲ့ရေလမ်း ကနေ ဝင်လာတဲ့ ဒီ တရားမဝင် ကုန်သွယ်မှု တွေ ကို ဟန့်တားနိုင်အောင် မိုဘိုင်း ကင်းလှည့်အဖွဲ့ တွေ ထားရှိဖို့ တိုင်ပင် ခဲ့ကြပါတယ်။

ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းအောင် က အခွန်ရှောင်ချင် ကြတဲ့ ကုန်သည် တချို့က တရားမဝင် လမ်းကြောင်းတွေ ကို အသုံးပြု ကုန်သွယ် နေကြတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ကုန်သွယ်မှု ချောမွေ့အောင် လုပ်ပေး တဲ့ လုပ်ငန်းစဉ် နဲ့ သက်ဆိုင်ရာ အထောက်အကူပေးမယ့် ဌာန တွေ မပြည့်စုံ တာ ကလည်း ဒီလို တရားမဝင် ကုန်သွယ်ရေး တွေ ဖြစ်နေစေ တဲ့ အကြောင်းတရပ် လို့ သုံးသပ်သူ တွေ က ပြောပါတယ်။