တိုက်ခိုက်မှု တွေ ထပ်မဖြစ်စေဖို့ နိုင်ငံ တကာ သံဃာတွေ တောင်းဆို

  • 8 ဇူလိုင် 2013
Indian Security in Bodhgaya
Image caption မဟာ ဗောဓိ စေတီတော်ကြီး အတွင်း လုံခြုံရေး အရ ရှာဖွေ နေစဉ်

ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေနေ့ မနက် က ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ ပြီး နောက်တနေ့မှာ ဂါယာက စျေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြ ပါတယ်။

အကြမ်းဖက်မှုကို မလိုလားဘူး ဆိုတာ ထုတ်ဖော်ပြသ ကြတဲ့ ဆန္ဒပြမှု တွေကြောင့် ဂါယာမြို့နဲ့ ဗုဒ္ဓ ဂါယာက ဆိုင်ခန်းတွေ အားလုံး ပိတ်ထားတဲ့ အတွက် စားစရာတောင် ဝယ်လို့ မရဘူးလို့ အဲဒီက သံဃာတော် တွေက ပြော ပါတယ်။

ပြီးခဲတဲ့ သုံးပတ်လောက် ကတည်းက အကြမ်းဖက်သမား တွေက တိုက်ခိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့ပေမဲ့ လုံခြုံရေး အရ ကိုင်တွယ် ဆောင်ရွက်ဖို့ ပျက်ကွက်တယ် ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း အော်ဟစ် ကန့်ကွက် ခဲ့ကြတယ်လို့ ဗုဒ္ဓ ဂါယာက မြန်မာ သံဃာတော် ဦးပညာ စက္ကက မိန့်ကြား ပါတယ်။

ဒါကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာကို လုံခြုံရေး အရ အကာအကွယ် ပေးဖို့ သံဃာတော်တွေ တောင်းဆို ဆန္ဒ ပြခဲ့ ကြတာ လို့လည်း သူက ပြောပါတယ်။

တနင်္လာနေ့ ညနေပိုင်း ကတော့ အထူး ခွင့်ပြုချက် အရ ဗုဒ္ဓ ဂါယာက မဟာ ဗောဓိ စေတီတော်ကြီး အတွင်းမှာ ထိုင်း မြန်မာ၊ တိဘက် စတဲ့ အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော် စုစုပေါင်း ၃၀၀ လောက် က စုပေါင်း ဆန္ဒပြပွဲ လုပ်ခဲ့ ပါတယ်။

အထူး ခွင့်ပြုချက် နဲ့ ရင်ပြင်တော်မှာ ဆန္ဒပြခဲ့ကြ ရာမှာ ကိုယ်တိုင် ပါဝင်တဲ့ မာဂဓ သံဃာ့ တက္ကသိုလ်က စာသင်သား မြန်မာ သံဃာ တစ်ပါး ဖြစ်သူ ဦးနန္ဒာ စရိယက တနင်္ဂနွေ နေ့ကလို တိုက်ခိုက်မှုမျိုး နောက်ထပ် မဖြစ်အောင် ကိုင်တွယ် ဆောင်ရွက်ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရတို့ ဆီကို တောင်းဆို မယ်လို့ မိန့်ပါတယ်။

မြန်မာ ဘုရားဖူး တွေဟာ နှစ်စဉ် စက်တင်ဘာ လကုန် လောက်က စတင်ပြီး ဗုဒ္ဓ ဂါယာ ဘူရားဖူး သွားလေ့ ရှိကြ ပါတယ်။

အခု ဗုံး ပေါက်ကွဲ မှုကြောင့် ဘုရားဖူး တွေက ခရီးစဉ် ဖျက်သိမ်းဖို့ ပြောဆို ကြတာတွေ ရှိတဲ့ အတွက် ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်းကို ထိခိုက် မှာကို ဘုရားဖူး လုပ်ငန်း လုပ်ဆောင်သူ တွေက စိုးရိမ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ