လွှတ်တော်နဲ့ သမ္မတ ကွဲလွဲ

  • 10 ဇူလိုင် 2013
Parliament
Image caption လွှတ်တော်နဲ့ သမ္မတ ဥပဒေကြမ်းအပေါ် အမြင်ကွဲ

လာဘ်ပေး လာဘ်ယူ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး သမ္မတနဲ့ လွှတ်တော် ကြား သဘော မတူတဲ့ အချက် တချို့ ရှိနေပါတယ်။

အဓိက သဘော မတူတဲ့ အချက်ကတော့ လာဘ်ပေး လာဘ်ယူ ကော်မရှင် အဖွဲ့ဝင် တွေဟာ သူတို့နဲ့ သူတို့ မိသားစု တွေရဲ့ ပိုင်ဆိုင်မှု တွေကို ထုတ်ဖော် ကျေညာ ရမယ် ဆိုတဲ့ အချက်ကို ဖြုတ်ပေးဖို့ သမ္မတ ဘက်က အကြံပြုတဲ့ အချက် ဖြစ်ပါတယ်။

ဒီအချက်ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ် ဆိုပြီး သမ္မတ ဘက်က ကန့်ကွက် ခဲ့ပါတယ်။ လွှတ်တော် ဘက်ကတော့ အခြေခံ ဥပဒေမှာ ဒီကော်မရှင် အကြောင်း တလုံးတပါဒမှ ဖော်ပြ ထားခြင်း မရှိတဲ့ အတွက် အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုတာ မဟုတ်တဲ့ အတွက် ဒီအတိုင်းပဲ ဥပဒေမှာ ဆက်လက် ထားရှိမယ်လို့ ဆိုပါတယ်။

သမ္မတဟာ ဥပဒေပညာရှင် မဟုတ်တဲ့ အတွက် အကြံပေးတွေက ပြောဆိုတဲ့ အတိုင်း မှားယွင်း ပြောဆိုတာ ဖြစ်မယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ အမတ် ဦးဘရှိန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ အဖွဲ့ဝင် တယောက်ကို တာဝန်ကနေ ရပ်စဲမယ် ဆိုရင် သမ္မတဟာ ကော်မရှင် အဖွဲ့ဝင် ရွေးချယ် ပေးသူနဲ့ သဘော တူညီချက် ရယူရမယ် ဆိုတဲ့ အချက်ကိုလည်း သမ္မတ ဘက်က ကန့်ကွက်ပါတယ်။

လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူကို တရားစွဲဆိုမယ် ဆိုရင် မူလ တိုင်ကြားသူထံ ကိုပါ အစီရင်ခံစာ ပေးပို့မယ် ဆိုတဲ့ အချက် ကိုလည်း သမ္မတ က ကန့်ကွက် ထားပါတယ်။

ဒါ့အပြင် ကော်မရှင်ကို နည်းဥပဒေ ထုတ်ခွင့်ပေးမယ် ဆိုတဲ့ အချက် ကိုလည်း သမ္မတက ကန့်ကွက် ထားပါတယ်။

ဒါပေမဲ့ အဲဒီကန့်ကွက်ချက် တွေကို လွှတ်တော် ဘက်ကတော့ လက်မခံခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ