ဦးသိန်းစိန်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်

  • 10 ဇူလိုင် 2013
Image caption ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားအဖြစ် ဗြိတိန်နဲ့ တခြား ကမ္ဘာ့နိုင်ငံ အတော်များများက ရှုမြင်

မြန်မာ သမ္မတ ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးကတည်းက နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဒုက္ခသည်ပေါင်း နှစ်သိန်း ငါးသောင်းကျော် ရှိသွားပြီလို့ UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေသလို နေရပ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး အကူအညီတွေ ပိတ်ပင်ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖေါက်ရာ ကျတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဦးသိန်းစိန် သမ္မတ ဖြစ်လာတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်း ခံထားရဆဲ ဖြစ်ပြီး လက်ပံတောင်း စီမံကိန်း ကိစ္စ ဆန့်ကျင် ဆန္ဒပြသူတွေလို လှုပ်ရှားတက်ကြွသူတွေကို ဖမ်းဆီး ထောင်ချတာမျိုးတွေ ဆက်ရှိနေဆဲပဲလို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ ရခိုင်ဒေသမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ပြီး လူမျိုးတုန်း သတ်ဖြတ်နေကြောင်းကို လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်တဲ့ Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကား ဖေါ်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးတာတွေ၊ ကလေးစစ်သား ပပျောက်ရေးအတွက် ကုလသမဂ္ဂနဲ့ သဘောတူ စာချုပ် ချုပ်ဆိုတာမျိုးတွေကို ကြိုဆိုပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ရုံလောက် မဟုတ်ပဲ ငြိမ်းချမ်းရေး ဆောင်ကျဉ်းနိုင်တဲ့ အထိ ဆောင်ရွက်ဖို့ ၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့နဲ့ ကလေးစစ်သား အသုံးပြုမှုတွေကို လုံးဝ ရပ်ဆိုင်းဖို့ လိုကြောင်း၊ အရေးကြီးဆုံး အချက်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုကြောင်း Burma Campaign UK အဖွဲ့က မဇိုရာဖန်းက ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင်လ ၁၄ရက်နေ့က စပြီး ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံ ခရီးစဉ် ကို စတင်မှာ ဖြစ်ပါတယ်။