မွတ်ဆလင်ရိုဟင်ဂျာတွေ အရေး ဘန်ကီမွန်း စိုးရိမ်

  • 11 ဇူလိုင် 2013
Ban Ki-moon
Image caption ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက ဘာသာရေး နဲ့ ဆက်နွယ်တဲ့ အကြမ်း ဖက်မှုတွေကို အလွန် စိုးရိမ် မကင်း ဖြစ်မိတယ်၊ နောက်ပြီး မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အခြေအနေကို ဆက်လက် စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ သူတို့ရဲ့ နိုင်ငံသားဖြစ်ရေး တောင်းဆိုမှုတွေကိုလည်း ကိုယ်တွယ်လုပ်ဆောင်ဖို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများ အစည်း အဝေးမှာ ပြောခဲ့ပါတယ်။

ဒီကိစ္စတွေကို ကိုင်တွယ် ဆောင်ရွက်မှု မရှိရင် အခြေမခိုင် သေးတဲ့ မြန်မာ့ ပြုပြင် ပြောင်းလဲရေးတွေကို ထိခိုက်နိုင်သလို ဒေသတွင်းကိုပါ ဆိုးကျိုးတွေ ရိုက်ခတ်နိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

သမ္မတအနေနဲ့လည်း အရေးယူဆောင်ရွက်ဖို့ ဆန္ဒရှိနေတာကို တွေ့ရကြောင်း၊ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်မှု လိုနေသေးတယ်လို့ မစ္စတာ ဘန်က ထောက်ပြ ပြောဆိုပါတယ်။

မြန်မာသမ္မတရဲ့ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်ကတော့ မြန်မာအစိုးရအနေနဲ့ အခြေအနေတွေ တိုးတက်အောင် တတ်နိုင်သလောက် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ တချို့အပိုင်းတွေမှာတော့ အားနည်းချက်တွေ ရှိနေသေးသလို ဒေသတွင်းကို ရိုက်ခတ်မှုတချို့ ရှိခဲ့ကြောင်း ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ နိုင်ငံသား ဖြစ်မဖြစ် ဆိုတာကတော့ ဥပဒေနဲ့သာ သက်ဆိုင်ကြောင်း ၊ ဒီအပိုင်းမှာတော့ လွှတ်တော်နဲ့ လူထုရဲ့ ဆန္ဒကသာ အဓိက ဖြစ်ကြောင်းလည်း ဦးကိုကိုလှိုင်က ပြောပါတယ်။