ရခိုင် နယ်စပ် ကြီးကြပ်ရေး ဖျက်သိမ်း

  • 12 ဇူလိုင် 2013
rakhine violence
Image caption ရခိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေး တပ်တွေ ပိုအရေးပါ

ရခိုင် ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသ လူ၀င်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာချုပ်ကို သောကြာနေ့ က သမ္မတ အမိန့် နဲ့ ကြေညာ ဖျက်သိမ်း လိုက်ပါတယ်။

နစကလို့ လူသိများတဲ့ ဒီအဖွဲ့ဟာ စစ်တပ်၊ ရဲ၊ လဝကနဲ့ အကောက်ခွန် ဌာန ၄ ခုကို ပေါင်းပြီး ဖွဲ့စည်း ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော မြို့မှာ အခြေစိုက် ပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနဲ့ ပေါက်တော မြို့နယ် တွေမှာ ဖြန့်ကျက် အခြေစိုက် ထားပါတယ်။

အင်အား ၁၂ဝဝ ကျော် ရှိပြီး သူတို့ရဲ့ အဓိက အလုပ်ကတော့ လူဝင်လူထွက် စစ်ဆေးရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေး ဖြစ်ပါတယ်။

အရင်ကတော့ နစက တပ်ဖွဲ့တွေ မြန်မာ- တရုတ် နယ်စပ်၊ မြန်မာ- အိန္ဒိယ နယ်စပ်နဲ့ ထိုင်းနယ်စပ် တွေမှာ ရှိခဲ့ပေမယ့် ထောက်လှမ်းရေး ဟောင်းတွေ ၂ဝဝ၄ ခုနှစ်က အဖြုတ်ခံ ရတဲ့ နောက်ပိုင်း ရခိုင်က လွဲပြီး ကျန်တဲ့ ဒေသတွေက နစက တပ်ဖွဲ့တွေ အကုန်လုံး ဖျက်သိမ်း ခံလိုက် ရပါတယ်။

အခု နောက်ဆုံး လက်ကျန် နစက တပ်ဖွဲ့ ဖျက်သိမ်းတဲ့ အကြောင်းရင်းကို သမ္မတရဲ့ ကျေညာချက် ထဲမှာ ဖော်ပြ မထားဘူးလို့ သိရပါတယ်။

ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ မွတ်ဆလင် လူ့အဖွဲ့အစည်း နှစ်ခု ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက်လည်း ဂျပန် နဲ့ကုလသမဂ္ဂ တို့ရဲ့ ပူးပေါင်း ရန်ပုံငွေနဲ့ မောင်တော၊ ပေါက်တော၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ် တွေမှာ UNDP က စီမံကိန်းတွေ ဆောင်ရွက် နေပါတယ်။

ဒီစီမံကိန်း အတွက် ဂျပန်က ယန်းငွေ သန်းပေါင်း ၁၃ဝဝ ကူညီ ထောက်ပံ့ခဲ့ပြီး ဒေသန္တရ အုပ်ချုပ်မှု စံနစ် ပိုကောင်းမွန် လာရေး၊ အသက်မွေး ၀မ်းကျောင်း ပိုအဆင်ပြေရေး၊ နယ်စပ် အပါအဝင် ပဋိပက္ခ ဖြစ်တဲ့ နေရာ တွေမှာ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ရေး ဆိုတဲ့ လုပ်ငန်းစဉ် တွေ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ