စာနယ်ဇင်းဥပဒေကြမ်း ၂ ခု ကြား အငြင်းပွား

  • 12 ဇူလိုင် 2013
Newspapers
Image caption ဥပဒေကြမ်းနှစ်ခုကြား အငြင်းပွား

သတင်းမီဒီယာနဲ့ ဆိုင်တဲ့ ဥပဒေကြမ်း ၂ ခု နဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ပြန်ကြားရေး ဝန်ကြီးဌာန တို့ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီက သတင်းမီဒီယာ ဥပဒေကြမ်း ရေးဆွဲထားပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်သူနဲ့ ထုတ်ဝေသူ ဥပဒေကြမ်း ရေးဆွဲထားရာမှာ အပြန်အလှန် လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်နေပါတယ်။

ဒီအခြေအနေကြောင့် လွှတ်တော်က ကော်မတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်လှမ်းမှုတွေကို သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ အကြံပေး အဖွဲ့ဝင် ဦးတိုးနိုင်မန်းနဲ့ စာနယ်ဇင်း ကောင်စီက တာဝန်ရှိသူတွေ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။

အငြင်းပွားနေတဲ့ ဥပဒေကြမ်း ၂ ခုနဲ့ ပတ်သက်ပြီး လွှတ်တော်က သက်ဆိုင်တဲ့ ကော်မတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ဥပဒေကြမ်း ၂ ခုထဲမှာ ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်မှာ တင်ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းမှာ ပါတဲ့အထဲက ပုံနှိပ်သူ နဲ့ ထုတ်ဝေသူတွေဟာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ် ဆိုတဲ့ အချက်ကို စာနယ်ဇင်း ကောင်စီက ကန့်ကွက်ထားပါတယ်။

တခါ စာနယ်ဇင်း ကောင်စီက ရေးထားတဲ့ သတင်းမီဒီ ဥပဒေကြမ်းမှာပါတဲ့ အချက် ၁၇ ချက်ကို ပြင်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပန်ကြားထားပါတယ်။