မြန်မာ့ကုန် ဥရောပကိုထိုးဖောက် ဖို့လို

  • 13 ဇူလိုင် 2013
minister_winmyint
Image caption မြန်မာ့ကုန် ဥရောပကို ထိုးဖောက်နိုင်ရေး စီးပွားကူးသန်း ဝန်ကြီးတိုက်တွန်း

မြန်မာ့ ကုန်တွေ ဥရောပ ဈေးကွက်ကို ထိုးဖောက် နိုင်ဖို့ လိုအပ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ဥရောပက မြန်မာနိုင်ငံ အပေါ် ပေးထားတဲ့ GSP ကုန်သွယ်ခွန် သက်သာခွင့် အထူး အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး မြန်မာ နိုင်ငံက ကုန်ပစ္စည်း တွေ ဥရောပ ဈေးကွက်ကို ထိုးဖောက် နိုင်အောင် ဆောင် ရွက် ကြဖို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ထိပ်တန်း ကုန်သည်ကြီးတွေ တက်ရောက် ကြတဲ့ ညီလာခံမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်နိုင်ဖို့ အတွက် အရည်အသွေးနဲ့ စံချိန်စံနှုန်း တွေကိုလည်း ကမ္ဘာ့အဆင့် မီအောင်လုပ်ဖို့ လိုနေတာကိုလည်း ထောက်ပြခဲ့ ပါတယ်။

မြန်မာ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးကို ကြည့်လိုက်ရင် အခွင့်အလမ်းတွေ ရှိလျက်နဲ့ လက်လှမ်း မယူနိုင်တဲ့ အကြောင်းတွေ ထဲမှာ ကိုယ့်ဘက်က အသင့်မဖြစ်တာနဲ့ စည်းကမ်း ဖောက်တဲ့ သူတွေ ရှိနေတာက အဓိက အကြောင်းနှစ်ချက် ဖြစ်ပါတယ်။

အစိုးရဘက်က ကုန်သွယ်ရေး လုပ်ငန်းတွေ ချောမွေ့အောင် စည်းကမ်း ချက်တွေ ဖြေလျှော့ပေးတာ ရှိပေမယ့် ကုန်သည်တွေ ဘက်က စည်းကမ်း ဖောက်တာတွေ ရှိနေတဲ့ အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ဒီကနေ့ ကျင်းပတဲ့ UMFCCI ကုန်သည် နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

စီးပွား ကူးသန်း ဝန်ကြီး ဦးဝင်းမြင့်က ဘယ်လိုမျိုး မမှန်မကန် ဖြစ်ခဲ့တာလဲ ဆိုတဲ့ အသေးစိတ် ကိုတော့ ထုတ်မပြော သွားပါဘူး။

ဒါပေမယ့် မြန်မာ နိုင်ငံရဲ့ ပြည်ပ ပို့ကုန် တွေမှာ အရည်အသွေးကို မထိန်းနိုင်တဲ့ အခက်အခဲတွေ ရှိနေ ပါတယ်။

မကြာသေးခင်က ရုရှကို ဆန်တင်ပို့ ရာမှာ ပိုးပါတဲ့ အတွက် အငြင်းပွား ရတာမျိုး ရှိသလို၊ နှမ်းအဖြူကို အရောင် ဆိုးပြီး နှမ်းနက် အဖြစ်နဲ့ ရောင်းတာ၊ ကျောက်ခဲကို ပဲလုံးပုံစံ လုပ်ပြီး စံနစ်တကျ ရောနှောတာ၊ ပုဇွန် ကို အလေးချိန် တိုးအောင် သံချောင်း ထည့်တာလို မသမာတဲ့ နည်းနဲ့ အမြတ်အစွန်း ရှာသူတွေလည်း ရှိနေဆဲပဲလို့ကုန်သည်ကြီး တဦးက ပြောပါတယ်။

ဒီလို ပြဿနာ တွေကို ထိန်းချုပ်ဖို့ တာဝန်ရှိတဲ့ ဝန်ထမ်းတွေ ထဲမှာလည်း အဂတိ လိုက်စား သူတွေရှိတဲ့ အတွက် ပြဿနာကို ဖြေရှင်းဖို့ ပိုပြီးခက်စေကြောင်း သူကဆိုပါတယ်။ တရားဝင် လမ်းကြောင်းက သွားတဲ့အခါ ဖြတ်သန်းရတာ တွေက များတယ်လို့ ယူဆပြီး တရားမဝင် လမ်းကြောင်းက ကုန်သွယ်သူတွေ များလာတာ ကြောင့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံဟာ South to South လို့ ခေါ်တဲ့ တောင်ပိုင်း ဆင်းရဲတဲ့ နိုင်ငံ အချင်းချင်း ကုန်သွယ်ခဲ့ရတဲ့ အခြေအနေ ကနေ အခုအခါ တကမ္ဘာလုံးနဲ့ ကုန်သွယ်နိုင်မယ့် Global အဆင့်ကို တက်လှမ်း လာပြီမို့ အရည် အသွေးကို ထိန်းဖို့ ဦးဝင်းမြင့်က အလေးထားပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့် ကုန်သည်တွေ ကတော့ အဲဒီလို အရည်အသွေး မြှင့်ပြီး၊ ထိန်း ထားနိုင်ဖို့က မြန်မာနိုင်ငံ အတွက် ရေဆန်ခရီးပဲ ရှိပါတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ