(SSPP/SSA) နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ

  • 13 ဇူလိုင် 2013
ssa
Image caption ပစ်ခတ်မှု ဖြစ်ခဲ့ရ တာတွေ ဗွေမယူဖို့ ဆွေးနွေး

အစိုးရ တပ်နဲ့ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားတဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နဲ့ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ ညှိနှိုင်း အဖြေရှာ ခဲ့ကြတယ်လို့ သိရပါတယ်။

SSPP/SSA အတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်နဲ့ ဦးသိန်းဇော် တို့အဖွဲ့ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ စနေနေ့ နေ့လယ် က တွေ့ကြပြီး မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ ကိစ္စ အပါအဝင် အခြား ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်တွေ ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တက်ရောက်ပြီး ပစ်ခတ်မှု ဖြစ်ခဲ့ရ တာတွေကို ဗွေမယူဖို့ ၊ နှစ်ဦး နှစ်ဘက် လုပ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုပဲ ဦးတည်ပြီး လုပ်ဆောင် သွားစေချင်ကြောင်း ပြောဆို သွားတယ်လို့ သိရပါတယ်။

အစိုးရ နဲ့ SSPP/SSA တို့ အပစ်ခတ် ရပ်စဲ ထားကြတယ် ဆိုပေမယ့် အစိုးရ စစ်တပ်ဘက်က SSPP/SSA တပ်စခန်းတွေကို တခုပြီး တခု ဆုတ်ပေးခိုင်း တာတွေရှိလို့ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP/SSA က အစိုးရ စီစဉ်မှုတွေ အတိုင်းပဲ လုပ်ဆောင် သွားမှာ ဖြစ်ပြီး ဒီလ ထဲမှာ ကျင်းပမယ့် သမ္မတနဲ့ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံပွဲကို စောင့်ဆိုင်း ကြည့်ရှု နေတယ်လို့ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။ အခု လောလောဆယ်မှာ SSPP/SSA နယ်မြေ တဝိုက်မှာ အစိုးရ စစ်တပ် လှုပ်ရှားမှု တွေ ရှိနေ သေးပေမယ့် ပစ်ခတ်မှုတော့ မရှိတော့ဘူးလို့ SSPP/SSA က ဆိုပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ