မြန်မာ့ ဒီမိုရေး ဗြိတိန် အမတ်များ ထုတ်ပြန်

  • 14 ဇူလိုင် 2013
thein sein
Image caption ဦးသိန်းစိန်ကို ဒီမိုကရေစီ သမားလို့ ပြောဖို့ စောနေ

သမ္မတ ဦးသိန်းစိန် လန်ဒန် ရောက်တဲ့ တနင်္ဂနွေနေ့ မှာပဲ ဗြိတိန် ပါလီမန် က မြန်မာ့ ဒီမိုကရေစီရေး တက်ကြွတဲ့ ပါတီစုံ ကိုယ်စား လှယ်များ အဖွဲ့ (APPG) က မြန်မာ အရေး ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာပြည်က ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ ဦးစားပေး ဆွေးနွေးဖို့ သူတို့က တောင်းဆိုကြ ပါတယ်။

မြန်မာပြည်မှာ ကလေး စစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတယ်၊ ချင်း လူမျိုး တွေ အပေါ် မှာလည်း ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှု တွေ ရှိနေတယ်၊ ရိုဟင်ဂျာ တွေကို လူမျိုးတုံး သတ်ဖြတ်မှု တွေ ရှိနေ သလိုပဲ ကချင် အရပ်သား တွေ အပေါ် ကျူးလွန်တဲ့ မြန်မာ စစ်တပ်ရဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ အကြောင်း အချက် အလက်တွေ ရရှိ ထားတယ်လို့ APPG က ထုတ်ပြန် ခဲ့ပါတယ်။

ရိုဟင်ဂျာ တွေကို ကျူးလွန် စော်ကားမှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုမှာ မြန်မာက ပါဝင် ကူညီဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကို ရှေ့ရှုတဲ့ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး စတင်ဖို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာရေး တောင်းဆို ညှိနှိုင်း သွားဖို့လည်း ပန်ကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု၊ မတရား စော်ကား ပြုကျင့် မှုတွေ အဆုံးသတ်ရေး စတဲ့ သိသာတဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘဲ ဦးသိန်းစိန်ကို ဒီမိုကရေစီ ပြုပြင်ရေး သမားလို့ ပြောဖို့ စောနေ သေးတယ်လို့ APPG ဥက္ကဋ္ဌ Baroness Kinnock က ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ ကတိ မတည်မှု တွေကို ကြုံခဲ့ရတဲ့ အတွက် လူ့အခွင့်အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး သေချာတဲ့ အာမခံချက် မရှိဘဲ ကုန်သွယ်ရေး ကိစ္စ တွေကို တိုးမြှင့် ဆောင်ရွက်ဖို့ မသင့်ဘူး၊ လူ့အခွင့်အရေး အတွက် ဗြိတိန် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ သမ္မတကို သေချာ နားသွင်း သင့်တယ် လို့လည်း Baroness Kinnock က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ