ဘာသာပေါင်းစုံ အဖွဲ့နဲ့ ဦးသိန်းစိန်တွေ့

  • 14 ဇူလိုင် 2013
ဦးသိန်းစိန်နဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့မှာ UKနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂနဲ့ တခြား ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေက ထုတ်ဖေါ် ပြောနေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ UK နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်ကို စတင်လိုက်တာပါ။

မြန်မာနိုင်ငံက မထွက်ခွာခင် စနေနေ့တုန်းကတော့ သမ္မတ ဦးသိန်းစိန်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့ တွေ့ဆုံပြီး နောက်နောင် ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပေါ်ရေးကို ထိန်းသိမ်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဘာသာရေးကို နိုင်ငံရေး လက်နက် တခု အဖြစ်အသုံးချပြီး ပဋိပက္ခ ပိုကြီးထွား အောင် အမြတ်ထုတ် လုပ်ဆောင်နေတဲ့ သူတွေ ရှိနေပြီး အဲဒီလူတွေကို ဝိုင်းဝန်း ဆန့်ကျင်ဖို့ တရားဥပဒေ အရ ထိထိရောက်ရောက် အရေးယူသွားဖို့ သမ္မတ ဦးသိန်းစိန်က ပြောသွားတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ အစ္စလာမ် ဘာသာဝင် ဦးညွန့်မောင်ရှိန် က ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလမှာ ဗလီကျောင်းတွေ ပြန်ဖွင့်ပေးနိုင်ဖို့ ကိုလည်း ဆောင်ရွက်ပေးမယ်လို့ ပြောသွားခဲ့ကြောင်း သိရပါတယ်။ အဲဒီ တွေ့ဆုံပွဲဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ပွဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်၊ ပြင်သစ် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်အပြင်၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ပညာရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေ ကိုလည်း ဒီခရီးစဉ်မှာ ဆောင်ရွက်မယ်လို့ သိရပါတယ်။