UKနဲ့ မြန်မာ အကြား ကုန်သွယ်မှုတိုးလာဖို့ ရှိ

  • 15 ဇူလိုင် 2013
Image caption ဗြိတိန်နဲ့ EU က မြန်မာနိုင်ငံရဲ့ တင်ပို့ကုန် ကင်းလွတ်ခွင့် ပြုအပြီးမှာ UK နဲ့ မြန်မာ အကြားကုန်သွယ်မှု တိုးလာ

ဗြိတိန်နဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုဟာ ဒီနှစ်မှာ တိုးတက်လာနေပြီး နောက်နှစ်တွေမှာ ပိုပြီး အလားအလာ ကောင်းလိမ့်မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဗြိတိန်နဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန် ဒေါ်လာ ၄၂ သန်းကျော်ရှိပါတယ်။

မြန်မာနိုင်ငံကနေ ဗြိတိန်ကို ကုန်ပစ္စည်း တင်ပို့တာက ဒေါ်လာ ၂၇ သန်းကျော်ရှိပါတယ်။

ဗြိတိန်ကနေ မြန်မာကို သွင်းလာတာကတော့ ၁၅ သန်းကျော်ဘဲရှိပါတယ်။

အခု ဘတ်ဂျက်နှစ် ဧပြီလကစပြီး ဇွန်လကုန်အထိ ၃ လအတွင်း အမေရိကန် ဒေါ်လာ ၁၈ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီ ဖြစ်လို့ အခုနှစ် ကုန်သွယ်မှုဟာ အလားအလာ ပိုကောင်းလာတယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။ အခုနှစ်မှာဘဲ ဗြိတိန် အပါအဝင် ဥပရောပ သမဂ္ဂ နိုင်ငံတွေက မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းတွေ တင်ပို့ရင် အခွန် ကင်းလွတ်ခွင့် ပေးလိုက်ပြီ ဖြစ်လို့ ဗြိတိန်နဲ့ မြန်မာ ကုန်သွယ်ရေးက ပိုမို မြင့်တက်လာမယ့် အနေအထား ရှိပါတယ်။