လူ့ အခွင့် အရေး စိုးရိမ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ပြော

  • 15 ဇူလိုင် 2013
Prime Minister meets U Thein Sein
Image caption ဗြိတိန် ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်ကို လက်ခံ တွေ့ဆုံခဲ့

ဗြိတိန် နိုင်ငံ လန်ဒန်မြို့မှာ ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်က ဗြိတိန် ဝန်ကြီးချုပ် အပါအဝင် ဗြိတိန် အစိုးရ ခေါင်းဆောင် တွေနဲ့ တနင်္လာ နေ့မနက်က တွေ့ဆုံခဲ့ ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက မြန်မာ နိုင်ငံ တွင်းက ရိုဟင်ဂျာ မွတ်ဆလင် တွေရဲ့ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ် ကြောင်း ထုတ်ဖေါ် ပြောခဲ့ ပါတယ်။

ဗြိတိန်နဲ့ မြန်မာ နိုင်ငံ အကြား ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနဲ့ စစ်ရေး ဆက်သွယ်မှုတွေ တိုးမြှင့်လုပ်သွားဖို့ မျှော်လင့်ထားကြောင်း ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးမြှင့်ရေး ဆောင်ရွက်မှုတွေ ပိုလုပ်တာကို ဗြိတိန် အစိုးရ အနေနဲ့ တွေ့မြင် လိုတယ်လို့ မစ္စတာ ကင်မရွန်းက ပြောခဲ့ ပါတယ်။

သမ္မတနဲ့ အတူ ဥရောပ ခရီးစဉ်ကို လိုက်ပါ လာတဲ့ သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က တော့ မြန်မာ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက ဘင်္ဂါလီတွေအပေါ် ခွဲခြား ဆက်ဆံတာ မရှိကြောင်းနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ နိုင်ငံသား ဖြစ်ခွင့် ရှိသူတိုင်း နိုင်ငံသား ဖြစ်ခွင့် ရမှာ ဖြစ်တယ်လို့ ဘီဘီစီ ရုံးကို ရောက်လာ ခိုက်မှာ ပြောပါတယ်။

နိုင်ငံတကာ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းကို ခိုးဝင်လာကြသူတွေနဲ့ တရားဝင် ရောက်ရှိ နေထိုင် ကြသူတွေရဲ့ အခွင့် အရေးကို ရောထွေး နေကြတယ်၊ ဒါကို ခွဲခြား သိမြင်အောင် အခု ခရီးစဉ်မှာ ရှင်းပြ သွားမယ်လို့ လည်း သူက ပြောပါတယ်။

ဗြိတိန်နဲ့ မြန်မာ နှစ်နိုင်ငံ ကြားမှာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု တွေ ဆောင်ရွက်မယ့် နေရာမှာလည်း မြန်မာ စစ်တပ်ကို နိုင်ငံတကာ အဆင့်မီ စစ်တပ် ဖြစ်စေလိုတယ်၊ အဲဒီအတွက် လိုအပ်တဲ့ ဥပဒေ ရေးရာ ကိစ္စတွေမှာ လေ့ကျင့် သင်တန်းတွေ ပေးဖို့၊ ပူးပေါင်း ဆောင်ရွက်ပြီး အမြင်ချင် ဖလှယ်ကြဖို့ ဗြိတိန် နိုင်ငံက ကူညီ ပေးစေ လိုတာ ဖြစ်တယ်လို့ လည်း ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လန်ဒန်မြို့မှာ ရောက်ရှိ နေစဉ်မှာပဲ တိုင်းရင်းသား ဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာ ပြဿနာ တွေနဲ့ ပတ်သက်လို့ ဗြိတိန် အခြေစိုက် Burma Campaign အဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေက ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ