ဗြိတိန်- မြန်မာ Financial Taskforce ဖွဲ့

  • 17 ဇူလိုင် 2013
thein_sein
Image caption မြန်မာသမ္မတ ဗြိတိန် စီးပွားရေး အာဏာပိုင် များနဲ့တွေ့

ဗြိတိန် နိုင်ငံနဲ့ မြန်မာ တို့ ကြားမှာ ဘဏ္ဍာရေး ဝန်ဆောင်မှု အလုပ်အဖွဲ့ Financial Service Taskforce တခု ဖွဲ့စည်းကြောင်း ဗြိတိန် အစိုးရက ကြေညာ လိုက်ပါတယ်။

ဒီအလုပ် အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ မြန်မာ နိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍ တခုလုံးကို တိုးတက် ပြောင်းလဲ နိုင်စေရေး အတွက် အကူအညီ ပေးဖို့ ဖြစ်ပါတယ်။

မြန်မာ အတွက်တွင် မကပါဘူး။ ဗြိတိန် အပါအဝင် နိုင်ငံတကာ က လာရောက် ရင်းနှီး မြှုပ်နှံသူတွေ အတွက်လည်း အကျိုးရှိမယ့် ကိစ္စပါ။ ဘာ့ကြောင့်လဲ ဆိုတော့ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံသူတွေ မြန်မာနိုင်ငံ ကို လာရောက်ပြီး စီးပွားရေး ဆောင်ရွက် လုပ်ကိုင်မယ် ဆိုတဲ့ အခါမှာ ဘဏ္ဍာရေး ကဏ္ဍ မဖွံ့ဖြိုး တာဟာ အဓိက အဟန့် အတားကြီး ဖြစ်နေလို့ ပါပဲ။

ဒီအချိန်မှာ ဒီလို အလုပ်အဖွဲ့ ဆောင်ရွက်ဖို့ သိပ်အရေးကြီး ကြောင်း သြစတြေးလျ နိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနယ်က ဆိုပါတယ်။

တကယ်တော့ မြန်မာ နိုင်ငံမှာ ဘဏ္ဍာရေး ကဏ္ဍက လည်ပတ်မှု မရှိ တာကလည်း ကာလ တော်တော် ကြာပြီ ဖြစ်ပြီး အထူး သဖြင့် စတော့တွေ ရှယ်ယာ တွေနဲ့ ပတ်သက်ရင် လုံးဝ မရှိပါဘူး။

ဗြိတိန်ကနေ ကူညီ ဆောင်ရွက် ပေးမယ့် အထဲမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်း တွေ အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ အကြွေး ရယူမှုတွေ အဆင်ပြေ အောင် ဆောင်ရွက်ဖို့ ပညာပေးမှု လေ့ကျင့်မှုတွေ ဆောင်ရွက် ပေးဖို့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း ဥပဒေ ဆိုင်ရာ အကူအညီတွေ ပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင် ပါတယ်။

မြန်မာပြည် အတွက် အဓိက စည်းမျဉ်း စည်းကမ်းတွေ ကတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း တွေပါပဲ။ တကယ်တော့ ကမ္ဘာ မှာလည်း ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လာ ပြီးနောက် စီးပွားရေး တည်ငြိမ်မှု ရှိဖို့ အလွဲ သုံးစားမှုတွေကို ရှောင်လွှဲနိုင်ဖို့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း တွေ အရေးကြီး တယ်လို့ ယူဆ နေကြပါပြီ။

ဗြိတိန် ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု ဝန်ကြီး လော့ဒ် ဂရင်း ကတော့ အခု ဘဏ္ဍာရေး ကဏ္ဍ အတွက် ကူညီ ထောက်ပံ့မှုဟာ အရေးကြီးတဲ့ ခြေလှမ်း တလှမ်း လို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ဦးသိန်းစိန် အစိုးရကို အကူအညီ ပေးတဲ့ သဘောရော ဘဏ္ဍာရေး ကဏ္ဍ ကြီး တခုလုံး ပြည့်ပြည့်ဝဝ လည်ပတ် လာဖို့ အတွက်ပါ အရေးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုနဲ့ နိုင်ငံတကာ အရင်းအနှီးတွေ ဝင်ရောက် မလာ နိုင်အောင် သော့ခတ် ဟန့်တား ထားတာကို သော့ဖွင့် ပေးဖို့ ကြိုးစား ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ