အဓမ္မ ခိုင်းစေမှု ပပျောက်ရေး အစိုးရနဲ့ ILO ပူးပေါင်း ဆောင်ရွက်

  • 17 ဇူလိုင် 2013
Image caption အစိုးရနဲ့ သဘောတူထားတဲ့ ၇ချက်ထဲမှာ ကလေး အလုပ်သမား ကိစ္စလည်း ပါ

၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ ပုံစံ အမျိုးမျိုးနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေ နေမှုတွေ အားလုံး ပပျောက် သွားရေး ဆောင်ရွက်ဖို့ အချက် ၇ ချက်ပါ အစီအစဉ် တရပ်ကို မြန်မာအစိုးရနဲ့ သဘောတူထားပြီး အကောင် အထည်ဖော် နေကြောင်း ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆက်သွယ်ရေး အရာရှိ Steve Marshall ကပြောကြားလိုက်ပါတယ်။

အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး အတွက် မြန်မာ နိုင်ငံရဲ့ လုပ်ဆောင် ချက်တွေဟာ သိသိသာသာ တိုးတက် လာပေမယ့် အခုမှ လုပ်ငန်းစဉ်ရဲ့ အစပဲ ရှိသေးတယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လုံးဝ ပပျောက်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တခုက အဲဒီလို အလုပ်ခိုင်းတာကို ခံရသူတွေဖက်က တိုင်ကြားနိုင်တဲ့ စနစ် ယန္တရားကို ဥပဒေ စိုးမိုးရေး ရှိတဲ့ အချိန် အထိ ဆက်ပြီး ထားရှိဖို့ ဖြစ်တယ်လို့ ILO ဆက်သွယ်ရေး အရာရှိ Steve Marshall က ပြောပါတယ်။

၂၀၁၅ ကျရင် မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတာ အားလုံး ပပျောက်သွားဖို့ အတွက် မြန်မာအစိုးရနဲ့ သဘော တူထားတဲ့ အရေးယူ ဆောင်ရွက်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ အဲဒီလို တိုင်တန်းတဲ့ ယန္တရား စနစ်ကို ဥပဒေ စိုးမိုးမှု ရှိလာပြီး တိုင်တန်းစရာ မလိုတော့တဲ့ အချိန် ရောက်တဲ့ အထိ ဆက်လက် ထားရှိသင့် တယ်လို့လည်း သူကဆိုပါတယ်။

အစိုးရနဲ့ သဘောတူထားတဲ့ ၇ ချက်ထဲမှာ အဓမ္မ လုပ်အားပေး ခိုင်းစေဖို့အတွက် လူကုန်ကူးတာကို တိုက်ဖျက်ဖို့၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ဖြစ်စေနိုင်တဲ့ အလုပ်သမားတွေ နေရာရွှေ့ပြောင်းမှုကို ကြပ်မတ်ဖို့၊ ကလေး အလုပ်သမား ကိစ္စ၊ အထူးသဖြင့် ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စတွေကို တိုက်ဖျက်ဖို့တွေလည်း ပါဝင်ကြောင်း သူကပြောပါတယ်။

ဒီနေရာမှာ မြန်မာ့ တပ်မတော်ဖက်က ကလေးစစ်သား မစုဆောင်းဖို့၊ စုဆောင်းတာ တွေ့ရင် အရေးယူဖို့၊ ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် အမိန့်ထုတ်ထားတာ ရှိကြောင်းလည်း ရှင်းပြပါတယ်။

ဒါကြောင့် ကလေးစစ်သား ပပျောက်ရေးမှာ တိုးတက်မှုတွေ တွေ့ရတယ်လို့ သူက ဆိုပေမယ့် ဒါဟာ လုပ်ငန်းရဲ့ အစပဲ ရှိပါသေးတယ်လို့လည်း ဆိုသွားပါတယ်။

ILO ဟာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု တိုက်ဖျက်ရေးအပြင် အလုပ်သမား အခွင့်အရေးနဲ့ ဆိုင်တဲ့ ဥပဒေတွေ၊ လက်တွေ့ ကျင့်သုံးမှုတွေမှာလည်း နိုင်ငံတကာ စံနှုန်းနဲ့ ညီအောင်၊ အလုပ်ရှင် အလုပ်သမားတွေက ကိုယ့်အခွင့်အရေးနဲ့ တာဝန်တွေကို နားလည်အောင် ဆောင်ရွက်နေတာတွေလည်း ရှိတယ်လို့ Steve Marshall က ပြောခဲ့ပါတယ်။