အပစ်ရပ် ထားတဲ့ကြားက တိုက်ပွဲဖြစ်

  • 17 ဇူလိုင် 2013
Myanmar Peace Centre
Image caption ဆွေးနွေးပွဲတွေနဲ့ အပစ်ရပ်ထား ပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေ

အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး လုပ်ထားတဲ့ မွန်ပြည်သစ် ပါတီရဲ့ တပ်ဖွဲ့ တစ်ခုကို အင်္ဂါနေ့က အစိုးရ စစ်တပ်က ဝင်တိုက်ခဲ့ ရာမှာ မွန်ပြည်သစ် ပါတီ ဘက်က အသေ အပျောက် ရှိခဲ့ ပါတယ်။။

အတိုက် ခံလိုက် ရတဲ့ နေရာက ထိုင်း၊ မြန်မာနယ်စပ် အနား မြိတ်ခရိုင် ပြည်ကြီးမဏ္ဏိုင် မြို့နယ် ထဲမှာ ဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီက ပြောပါတယ်။

အင်္ဂါနေ့ မနက် ၁၀ နာရီခွဲ လောက်က တနင်္သာရီတိုင်း၊ ခမောက်ကြီး ဒေသ အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကျောက်ထနောင်း ကျေးရွာ အခြေစိုက် ခမရ ၅၈၁ က ဗိုလ်ကြီး နေမျိုး ဦးဆောင်တဲ့ တပ်ဖွဲ့က ဝင်တိုက် တာကြောင့် မွန်ပြည်သစ် ဘက်က ဗိုလ်ကြီး တမော့ချမ်းရဲ့ တပ်က စစ်သား နှစ်ယောက်သေဆုံးပြီး လက်နက်တွေလည်း ပါသွားတယ်လို့ ဗိုလ်ကြီး တမော့ချမ်းက ပြောပါတယ်။

မွန်ပြည်သစ် ပါတီနဲ့ အစိုးရ ကြားမှာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆောင်ရွက် နေတဲ့ အချိန်မှာ မွန်ပြည်သစ် ပါတီရဲ့ ဆက်ဆံရေးရုံး တွေကိုလည်း နေ ရာ အတော်များများမှာ ဖွင့်ထား နိုင်ခဲ့ ပါတယ်။

တချိန်ထဲမှာ အောက်ခြေ တပ်တွေ ကလည်း၊နှစ်ဘက် အပြန်အလှန် နားလည်မှု ရှိပြီး အပြန်အလှန် သွားလာ အဆင်ပြေနေ ကြတာပါ။

ဒါကြောင့် နယ်မြေ အေးချမ်းပြီ ဆိုပြီး အဲဒီ ဒေသက ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေ အတွက် မွန်ပြည်သစ် ပါတီက တည်ထားတဲ့ သုမင်္ဂလံ ရွာရဲ့ လုံခြုံ ရေး တာဝန်ခံ ဗိုလ်ကြီး တမော့ချမ်းရဲ့ ကင်းစခန်း အတိုက်ခံရ တာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲ ထားပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ကာလမှာ အခုလို အစိုးရ တပ်ဘက်က ဝင်တိုက် တာကြောင့် ငြိမ်းချမ်းရေး အတွက် အနှောင့် အယှက် ဖြစ်စေ နိုင်တယ်လို့ မွန်ပြည်သစ် ပါတီ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟန်သာ ဗန်ခိုင်းက ပြောပါတယ်။

အခုကိစ္စကို မွန်ပြည်သစ် ပါတီရဲ့ ဆက်ဆံရေး ရုံးတွေ ကနေ တဆင့် ကမ်းရိုးတန်း တိုင်းမှူးကို တိုင်ကြား ထားပြီး အပြစ်ရှိသူကို အရေးယူ ပေးဖို့လည်း တင်ပြမယ်လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ် ပါတီနဲ့ အစိုးရတို့ ပထမ အကြိမ် အပစ် အခတ်ရပ်စဲရေး လုပ်ထား ခဲ့မှုက ၂၀၁၀ ခုနှစ်မှာ ပျက်ပြယ် သွားခဲ့ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်မှာ အခု ပထမဆုံး အကြိမ် တိုက်ပွဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ