နိုင်ငံရေး ဆွေးနွေးတဲ့ အခါ ဒေါ်စု ပါဝင်ဖို့ RCSS နဲ့ KNU လိုလား

  • 18 ဇူလိုင် 2013
RCSS SSA
Image caption ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်ဖွဲ့များ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/ SSA နဲ့ KNU ကရင် အမျိုးသား အစည်း အရုံး တို့ရဲ့ ကြေညာချက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ကြား လာမယ့် နိုင်ငံရေး ဆွေးနွေးမှု တွေမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင် ဆွေးနွေး စေချင်တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

RCSS/ SSA နဲ့ KNU တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက် ကနေ ၁၇ ရက်နေ့ အထိ ပြုလုပ်ခဲ့တဲ့ သုံးရက်ကြာ တွေ့ဆုံ ဆွေးနွေးမှု အပြီး ရရှိခဲ့တဲ့ သဘောထားကို ပူးတွဲ ထုတ်ပြန် လိုက်တာလည်း ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ လက်ရှိ ဆွေးနွေး မှုတွေက အပစ်ရပ်ရေး အတွက်သာ ဖြစ်ပြီး အဲဒီကနေ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု ရသွားပြီးတဲ့နောက် နောက်ထပ် ရှေ့တဆင့် တက်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုတယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

အဲဒီ အခါ နိုင်ငံရေးရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားကြရသူတွေ အားလုံး တိုက်ရိုက် ကိုယ်တိုင် ပါဝင် ဆွေးနွေးစေဖို့ လိုလားတယ်လို့လည်း သူက ဆိုပါတယ်။

သက်ဆိုင် သူတွေလို့ ဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ဥက္ကဌ တွေနဲ့ လွှတ်တော်က တာဝန်ပေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူထု အခြေပြု အဖွဲ့ အစည်းတွေ အပြင် အမျိုးသမီး အဖွဲ့တွေနဲ့ လူငယ် တွေပါ ပါဝင်ဖို့ လိုတယ်လို့ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

တစ်နိုင်ငံလုံး ပါဝင်တဲ့ လွှတ်တော် ပြင်ပ ဆွေးနွေးမှုတွေ လုပ်ပြီးရင် ထွက်လာမယ့် ဘုံ သဘော တူညီချက်ကို လွှတ်တော်တွင်းမှာ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားဖို့ မျှော်မှန်းတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ