KIA နဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင် ၂ နှစ်ချ

  • 19 ဇူလိုင် 2013
General Myint Soe and Major GeneralGun Maw
Image caption အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အတွက် အလုပ်အဖွဲ့ရုံးတွေ ဖွင့်ဖို့ ပြင်နေကြ

ကေအိုင်အေနဲ့ ဆက်သွယ်တယ် ဆိုပြီး လွန်ခဲ့တဲ့ တစ်နှစ်က မြစ်ကြီးနား မြို့နယ် ဂျာမိုင်ကောင် ဒုက္ခသည် စခန်း ကနေ ဖမ်းဆီး ခေါ်သွား ခံခဲ့ ရတဲ့ ကချင် စစ်ပြေး ဒုက္ခသည် ဦးဘရန်ရှောင်ကို မြို့နယ် တရားရုံးက ဇူလိုင် ၁၈ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်ပါတယ်။

မူလက သူ့ကို ဖမ်းခဲ့တုန်းက ဖောက်ခွဲမှုနဲ့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရားရုံးမှာ စစ်ဆေးတော့ ဖောက်ခွဲမှု ကျူးလွန်တယ် ဆိုတဲ့ သက်သေ အထောက် အထား မတွေ့ရတဲ့ အတွက် နောက်ပိုင်းမှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ပြောင်းလဲ စွဲချက် တင်ခဲ့တာလို့ ဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်ပေး နေတဲ့ မြစ်ကြီးနားက ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော် အတွင်း ရေးမှူးချုပ် ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

KIA ဗိုလ်ကြီး အဆင့် ရှိသူလို့ အာဏာပိုင် တွေက စွပ်စွဲပြီး ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဦးဘရန်ရှောင်ကို စစ်ဆေးရာမှာ သက်သေ ထွက်ချက်တွေ အရ မဟုတ်မှန်း သိရ ပြီးတဲ့နောက် KIA နဲ့ ဆက်သွယ်တယ် ဆိုပြီး အမှု ပြောင်းသွားတာလို့ သူက ဆိုပါတယ်။

ဦးဘရန်ရှောင်ဟာ KIA ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ ပတ်သက်မှု မရှိတဲ့ သာမန် တောင်သူ တစ်ယောက် ဖြစ်တယ် ဆိုတာ သူတို့ အနေနဲ့ အသေအချာ သိတဲ့ အကြောင်း လည်း ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

လောလောဆယ်မှာ အစိုးရနဲ့ KIO ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် KIO ဘက်က Technical Team လို့ ခေါ်တဲ့ အလုပ် အဖွဲ့ရုံး မကြာခင် ဖွင့်လှစ်ဖို့ ရှိရာမှာ ကချင် လူငယ်တွေ အများကြီး ပါဝင် လာဖို့ ရှိနေတဲ့ အတွက် ဦးဘရန်ရှောင်ကို အခုလို ဖမ်းဆီး အပြစ် ပေးလိုက်တာဟာ အစိုးရနဲ့ ကေအိုင်အေ ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို ထိခိုက် နိုင်တယ်လို့ ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ