မြန်မာပရိတ်သတ်နဲ့ ဘရုစလီ

  • 20 ဇူလိုင် 2013
_bruce_lee
Image caption မရှိတော့ပေမယ့် လွှမ်းမိုးနေဆဲ ဘရုစ္စလီ

ကွန်ဖူး ရုပ်ရှင်တွေကို ကမ္ဘာနဲ့ မိတ်ဆက် ပေးခဲ့တယ်လို့ ပြောကြတဲ့ ကွန်ဖူး ပညာရှင် ရုပ်ရှင်မင်းသား ဘရုစလီ ကွယ်လွန်ခဲ့တာ ဒီနေ့ဆို အနှစ် ၄၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။

အံ့မခန်း ဖြတ်လတ်လျှင်မြန်တဲ့ တိုက်ကွက်တွေနဲ့ ကမ္ဘာ့ ရုပ်ရှင် ပရိတ်သတ် တွေကို ဖမ်းစား နိုင်ခဲ့တဲ့ ဘရုစလီဟာ မြန်မာ ပရိတ်သတ်တွေ အပေါ်မှာရော ဘယ်လောက်ထိ လွှမ်းမိုး မှု ရှိခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ ကွန်ဖူးပညာရှင် ဆရာ ဦးရန်နိုင်ကို ဆက်သွယ် မေးကြည့်တော့ ဘရုစ္စလီ က ရုပ်ရှင်နဲ့ ပေါင်းလို့ ကွန်ဖူး ပညာကို ဖော်ခဲ့နိုင်လို့ တကမ္ဘာလုံး သိသွား ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း ငယ်စဉ်ကပဲ သိုင်းပညာကို လိုက်စား ဖြစ်ခဲ့တဲ့ အကြောင်း ၊ ဘရုစလီရဲ့ ရုပ်ရှင်ကို ကြည့်ပြီးတဲ့ အခါမှာ အဲဒီလို ဖြစ်ချင်စိတ် ဝင်လာတဲ့ အထိကို လွှမ်းမိုး မှု ရှိခဲ့တဲ့ အကြောင်း ပြောပါတယ်။ အဲဒါကြောင့် ကိုယ်တိုင် ကွန်ဖူး ပညာကို လိုက်စား ခဲ့တာလို့ ဆိုပါတယ်။

လူငယ်တွေက အခုလို အားကျပြီး ဒီလို ကိုယ်လုံ ပညာတွေကို သင်ယူကြလို့ အချင်းချင်းတွေ တိုက်ကြ ခိုက်ကြတာမျိုး တွေတိုးမလာ ခဲ့ဖူးလား ဆိုတာကိုတော့ အဲဒီလို တိုက်ကြ ခိုက်ကြတာဟာ ပင်ကိုယ်သဘာဝ နဲ့သာ ဆိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ခံပညာ တတ်ဖို့က အင်မတန် စိတ်ရှည် သည်းခံရတာ ဖြစ်လို့ တကယ် အဆင့်မြင့်မြင့် တတ်အောင် သင်ယူတဲ့ လူမျိုးဟာ ဘယ်တော့မှ လူဆိုးလူမိုက် ဖြစ်မလာ နိုင်ဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်တယ်လို့ ပြောပါတယ်။

ဘရုစလီ ကွယ်လွန်ခဲ့တာ အနှစ် ၄၀ ရှိခဲ့ပြီ ဖြစ်လို့ တချို့ သိပ်မသိကြ တာမျိုး ရှိနိုင်ပေမယ့် ကိုယ်ခံပညာ လိုက်စား သူတွေကတော့ ရူးသွပ် နေကြဆဲပဲလို့ ဆိုပါတယ်။ သူ့ရုပ်ရှင်တွေ အခုနောက်ပိုင်း တော်တော်များများ ပြန်ထွက်လာတာ တွေကို ကြည့်ရင် သူ့ရဲ့ လွှမ်းမိုးမှုတွေ ရှိနေဆဲ ဖြစ်တာ သိနိုင်တယ်လို့ ထင်ကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ