အီးယူကို ရေထွက်ကုန် တိုးမြှင့်ပို့ဖို့ ခက်ခဲ

  • 21 ဇူလိုင် 2013
rangoon_fish_market
Image caption ရန်ကုန်က ငါးစျေး

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေး GSP ကို ဒီတပတ်ကစလို့ ပြန်ပေးလိုက်ပေမယ့် မြန်မာ့ငါးလုပ်ငန်းကတော့ ဥရောပကို ပိုတိုးပြီး တင်ပို့နိုင်ဖို့ ခက်ခဲနေဆဲလို့ သိရပါတယ်။

ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံထဲမှာ ပါတဲ့ မြန်မာနိုင်ငံကနေ ဥရောပသမဂ္ဂကို တင်ပို့မယ်ဆိုရင် အခွန်ကောက်ခံမှာ မဟုတ်တော့သလို ခွဲတမ်းကန့်သတ်ချက်နဲ့ ပို့စရာလည်း မလိုတော့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ငါးလုပ်ငန်းမှာ စက်ရုံပေါင်း ၂၀၀ ကျော် ရှိပေမယ့် ဥရောပလက်ခံတဲ့ အရည်အသွေးမျိုး ပို့နိုင်တဲ့ စက်ရုံက ၁၀ ရုံကျော်ပဲ ရှိသေးတာမို့ များများစားစား ပို့နိုင်ဦးမှာ မဟုတ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးနှင်းဦးက ပြောပါတယ်။

ဥရောပနိုင်ငံတွေက အရည်အသွေး စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေဆီကသာလျှင် သူတို့ဆီ တင်သွင်းဖို့ လက်ခံကြောင်း၊ သူတို့ဆီ မတင်သွင်းဘူးသေးတဲ့ စက်ရုံအသစ်တွေ၊ မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းအသစ်တွေကိုလည်း ကြိုတင် စစ်ဆေးကြောင်း သူက ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ မွေးမြူထုတ်လုပ်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ငွေအရင်းအနှီး လိုနေသေးသလို အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်နဲ့ ပို့ဆောင်ရေးပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတဲ့အတွက် ချက်ချင်း တိုးတက် ထုတ်လုပ်ဖို့လည်း မမျှော်လင့်နိုင်သေးဘူးလို့ ဦးနှင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းကနေ ပြည်ပကို ဒေါ်လာ သန်း ၆၀၀ ဖိုးလောက် တင်ပို့ထားတယ်လို့လည်း သူက ပြောပါတယ်။