ကလေးသူငယ် ကာကွယ်ရေး KNU စာချုပ်ချုပ်

  • 21 ဇူလိုင် 2013
Image caption Geneva Call နဲ့ ကတိစာချုပ်ကို KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း လက်မှတ်ရေးထိုး

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံမှုတွေ တားဆီး ရေးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေး တွေကို ကာကွယ် စောင့်ရှောက်ရေး ကတိ စာချုပ် နှစ်ခုကို KNU ကရင် အမျိုးသား အစည်းအရုံးနဲ့ Geneva Call လူ့အခွင့်အရေး အဖွဲ့တို့ တနင်္ဂနွေနေ့က တရားဝင် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

ဒီလက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဖားအံမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပြီး KNU အထွေထွေ အတွင်းရေးမှူးပဒို ကွယ်ထူးဝင်းနဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ Geneva Call အဖွဲ့က တာဝန်ရှိသူတွေ၊ UNHCR, UNICEFနဲ့ ဗြိတိသျှ သံရုံးက ကိုယ်စားလှယ်တွေ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ၁၈နှစ် မပြည့်သေး သူတွေကို တပ်ဖွဲ့ဝင်တွေ အဖြစ် မခန့်ဖို့ ၂၀၀၄ခုနှစ်ကတည်းက KNU က တားမြစ်ထားပြီး ဖြစ်ကြောင်း၊အခု ဒီကတိ စာချုပ်အရ ကလေးစစ်သား ပပျောက်ရေး တာဝန်ကို တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အလားတူပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေရာ ဒေသတွေမှာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ခွဲခြား ဆက်ဆံမှုတွေ ပပျောက်သွားအောင်နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ပိုမြင့်မားလာအောင် လုပ်ရမယ့် တာဝန်တွေ ရှိလာပြီ လို့ လည်း ပြောပါတယ်။

KNU တပ်ဖွဲ့တွင်းမှာ အသက် ၁၈နှစ်အောက် ကလေး တယောက်မှ မရှိဘူး ဆိုတာကို အာမခံ နိုင်ကြောင်း၊ ဒါပေမယ့် KNU တပ်ဖွဲ့တွင်းမှာ တာဝန် ထမ်းဆောင်နေသူ တချို့ရဲ့ ကလေးငယ်တွေ တပ်ဝန်းထဲမှာ ရှိနေတာတို့၊ တပ်နဲ့ ပတ်သက်တဲ့ တပ်ကျောင်းတွေမှာ ကလေးငယ်တွေ ရှိနေတာတို့ကို အခြေခံပြီး KNU တပ်ဖွဲ့တွင်းမှာ အသက်မပြည့်သေးသူ ကလေးငယ်တွေ ရှိနေတယ်လို့ တချို့ အဖွဲ့အစည်း တွေက သတ်မှတ်တာမျိုး ရှိနေကြောင်း၊ အခု ဒီကတိ စာချုပ်ကြောင့် KNU အနေနဲ့ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးကို အကောင်အထည်ဖေါ် ဆောင်ရွက်နေတယ် ဆိုတာကို နားလည် သဘောပေါက် လာကြမှာ ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က ပြောပါတယ်။