မြန်မာတွေလန်ဒန်မှာ ရင်းနှီးမြှုပ်နှံမှုပြု

  • 24 ဇူလိုင် 2013
office_buildings
Image caption လန်ဒန် အိမ်ယာ တိုက်တာများ

ဒီ တနှစ် အတွင်းမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် မှာ မြန်မာနိုင်ငံသားတွေ အိုးအိမ် ဝယ်ယူမှု ဟာ ဆွစ်ဇာလန် နဲ့ ဟောင်ကောင် နိုင်ငံသားတွေ ဝယိတဲ့ နှုန်းနဲ့ တန်းတူ လိုက်နိုင် နေပြီလို့ အိမ်ယာစျေးကွက် လေ့လာတဲ့ စာစောင် တခုမှာ ဖေါ်ပြထားပါတယ်။ လန်ဒန် အခြေစိုက် LondonDom.com အိမ်ယာ ရှာဖွေရေး ကုမ္ပဏီ ဟာ ရန်ကုန်မှာ ရုံးခွဲ ဖွင့်ထားပါပြီ။

မြန်မာတွေ လန်ဒန် ကို မျက်စိကျ တာနဲ့ ပတ်သက်ပြီး LondonDom.com ပိုင်ရှင်လည်းဖြစ်၊ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သူ ဂျော့ ရှစ်ကောဗ့်စကီ က ဘီဘီစီ ကို ရှင်းပြရာမှာ ရန်ကုန်မှာ မြေစျေး တွေ တရှိန်ထိုး မြင့်တက်နေရာမှာ တနှစ်အတွင်း ၁ဝဝ ရာခိုင်နှုန်းအထိ ထိုးတက်နေပုံ၊ ဒီအခြေအနေ ကနေ ဗြုန်းကနည်း ပြန်ကျ မှာကိုလည်း စိုးရိမ်မှု ရှိနေတဲ့ ငွေကြေးရှင် တွေက၊ စိတ်ချ လက်ချ ရင်းနှီး မြှုပ်နှံဖို့ အတွက်၊ ရန်ကုန်လောက် စျေးအတက် မမြန်ပေမယ့် ခိုင်မာတဲ့ လန်ဒန် စျေးကွက်ဆီ ဉီးတည် လာပုံ ရကြောင်း ရှင်းပြပါတယ်။

အဲဒီ အတွက် စတာလင် ပေါင် ၅ သိန်းကနေ တသန်းခွဲ၊ မြန်မာငွေ ကျပ်သိန်း ၇၅ဝဝ ကနေ ကျပ်သိန်း ၂၄ဝဝဝ အထိ တန်တဲ့ အိမ်ယာတွေ ကို ကုန်သွယ်စက်မှု၊ ဆောက်လုပ်ရေး စတဲ့၊ စီးပွားရေး လုပ်ငန်းကို လုပ်ကိုင် ကြတဲ့ အလယ်အလတ် အလွှာ နဲ့ အလယ်လတ် အထက်တန်းလွှာ လူတွေ ဖြစ်ကြောင်း၊ ထူးခြားချက် ကတော့ အခုလို အိမ်ယာ ဝယ်ယူ ရင်းနှီးမှု ပြုသူတွေ ထဲမှာ၊ အစိုးရ နဲ့ ပတ်သက်သူ၊ စစ်ဖက် နောက်ခံ ရှိသူတွေ နည်းပါးကြောင်း ဂျော့ ရှစ်ကောဗ့်စကီ က ပြောပါတယ်။

ဒါ့အပြင် မြန်မာ အိမ်ဝယ်သူတွေ ဟာ လန်ဒန် မြို့လယ် က ရှေးဟောင်း အဆောက် အအုံ၊ တိုက်ခန်းတွေ ကို စိတ်ဝင်စားမှု များကြောင်း လည်း LondonDom.com ပိုင်ရှင်လည်းဖြစ်၊ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သူ ဂျော့ ရှစ်ကောဗ့်စကီ က ဘီဘီစီ ကို ရှင်းပြ ပါတယ်။