အီးယူ မြန်မာ့ နိုင်ငံခြားရေးမူ ထုတ်ပြန်

  • 24 ဇူလိုင် 2013
eu burma
Image caption ဥရောပ သမဂ္ဂ မြန်မာ အစိုးရကို ဒိထက် ဖိအား ပေးဖို့ လို

ဥရောပ သမဂ္ဂ က မြန်မာပေါ် နိုင်ငံခြားရေး မူကို ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန် ခဲ့ရာမှာ ခုလို အပြောင်း အလဲတွေ ဖြစ်လာချိန်မှာ ဥရောပ သမဂ္ဂက မြန်မာကို ကူညီဖို့ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂ မူဝါဒတွေထဲမှာ ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲပြီး ဆွေးနွေးပွဲတွေ ဖြစ်လာအောင် တိုက်တွန်း သွားမယ်လို့ ဆိုပါတယ်။

ဘာသာရေး ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး ဘာသာဝင် အားလုံး လူ့အဖွဲ့အစည်း အားလုံးက ယုံကြည် စိတ်ချ ကြတဲ့ ရဲအဖွဲ့မျိုး ပေါ်လာရေး အကူအညီ ပေးမယ်၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ တိုက်တွန်း မယ်လို့ ဆိုပါတယ်။

ဘားမား ကမ်ပိန်း ယူကေ အမှုဆောင် ဒါရိုက်တာ အန်နာ ရောဘတ်စ် ကတော့ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ အစိုးရကို ဒိထက် ဖိအား ပေးဖို့ လိုကြောင်း၊ ကချင် စစ်ပွဲ မှာ အလွန် ဆိုးဝါးတဲ့ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ လုပ်ခဲ့တဲ့ မြန်မာ အစိုးရ က အရပ်သူ အမျိုးသမီး တွေ အပေါ် အဓမ္မ ပြုကျင့်ခြင်းကို လက်နက် သဖွယ် သုံးခဲ့ကြောင်း၊ ဒါတွေကို လျစ်လျူ ရှုပြီး မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို သာ ချီးမွမ်း တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက် ကျူးလွန် အောင် အားပေးရာ ရောက်မယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂ အနေနဲ့ လက်နက် ပိတ်ဆို့မှု ကလွဲပြီး မြန်မာအပေါ် ပိတ်ဆို့ အရေးယူ ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှား လိုက်ပြီ ဆိုတော့ သူတို့မှာ ဖိအား ပေးစရာ မရှိသလို ဖြစ်နေ ပါတယ်။ ဒါပေမဲ့ သံတမန် နည်းနဲ့ ဖိအားပေး လို့ရပြီး နိုင်ငံရေး ဆက်သွယ်မှု ဆိုင်းငံ့တာ၊ ရင်းနှီး မြှုပ်နှံမှုတွေ အလျင်စလို မလုပ်ဘဲ ဆိုင်းငံ့ တာတွေ လုပ်လို့ ရတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရဟာ ဘာသာ အချင်းချင်း ချစ်ကြည် သည်းခံမှု ရှိအောင် ၊ ညှိနှိုင်း စေ့စပ်နိုင်အောင် ဆောင်ရွက်ဖို့ အလုပ်တွေကို မလုပ်လို့ ဘာသာ အချင်းချင်း ပြေလည်မှု ရရေး မြန်မာ အစိုးရ လိုလိုလားလား ဆောင်ရွက်ချင် လာအောင် တိုက်တွန်းရမယ်၊ အတွေ့အကြုံ ရှိတဲ့ နိုင်ငံတကာက ဝိုင်းဝန်း ကူညီ ရမယ်လို့ အန်နာရောဘတ်စ် က ထောက်ပြပါတယ်။

မြန်မာ အစိုးရဟာ စစ်တပ်ရဲ့ ချုပ်ကိုင်မှု၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်သေး သလို တိုင်းရင်းသား တွေနဲ့ အလေးအနက် ဆွေးနွေး ညှိနှိုင်းမှု မရှိ ကြောင်း၊ ဥရောပ သမဂ္ဂက ဒါတွေ ကို လျစ်လျူရှုပြီး အကောင်းတွေ ချည်းပဲ ချီးမွမ်းခန်း ဖွင့်နေတာဟာ သူတို့ မူဝါဒ ချိန်ခွင်လျှာ မမျှတတာကို ဖော်ပြနေတယ် လို့ အန်နာ ရောဘတ်စ်က ပြောသွားပါတယ်။

နောက်ထပ် နိုင်ငံရေး အကျဉ်းသား ဆက်ဖမ်းတာတွေ၊ လယ်သမားနဲ့ လယ်သမား အရေး ဆောင်ရွက်သူတွေကို နှစ်ရှည် ထောင်ဒဏ်ချ နေတာတွေကို ဝေဖန် ထောက်ပြဖို့ ၊ သူတို့ကို လွှတ်ပေးရေး ဖိအားပေးဖို့ လိုအပ် တယ် လို့လည်း ဆိုပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ