ဗုံးကွဲမှု နဲ့ ရှမ်း ၅ ယောက် ထောင်ချ

  • 24 ဇူလိုင် 2013
_bbc_mdy2_304x171
Image caption မန္တလေး ကားဗုံး ပေါက်ကွဲမှု

၂ဝ၁၁ ဇွန်လ က မန္တလေး၊ ပြင်ဦးလွင် နဲ့ နေပြည်တော် မှာ ဗုံးပေါက်ကွဲမှု နဲ့ မသင်္ကာသူ ရှမ်း တိုင်းရင်းသား ၅ ဦး ကို ဖမ်းခဲ့ ပြီး ၂ နှစ် အကြာမှာ ချမ်းမြသာစည် တရားရုံး က နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် လိုက်ပါတယ်။

အခင်း ဖြစ်ပွားတဲ့ ဇွန်လ ၂၄ ရက် နဲ့ ၂၆ ရက် နေ့တွေမှာ မန္တလေး စျေးချို ဟိုတယ် ရှေ့က လိုင်စင်မဲ့ ကားတစီး ပေါ်မှာ ဗုံးပေါက်ကွဲ တဲ့ အတွက် လူ ၃ ဦး ဒဏ်ရာ ရခဲ့မှု၊ နေပြည်တော် သပြေကုန်း က အိမ်တအိမ် နဲ့ ပြင်ဦးလွင် မှာ ဗုံးပေါက်ကွဲမှု တွေနဲ့ ပတ်သက်ပြီး ရှမ်း တိုင်းရင်းသား ၅ ဦး ကို ဖမ်းခဲ့ ပြီး ၂ နှစ် အကြာမှာ ထောင်ဒဏ် ချမှတ်ရာမှာ ၁၂ နှစ် ချမှတ် ခံရတဲ့ စိုင်းသိန်းနိုင်ရဲ့ ညီဖြစ်သူက တရားခွင်မှာ မိသားစု ကြားနာခွင့် မရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ထောင် ၁၂ နှစ်ချရာ မှာ ချုပ်ရက် ကို ခံစားခွင့် မပြုတဲ့ အကြောင်း လည်း ရှင်းပြ ပါတယ်။ အမှုမှန် ပေါ်ပေါက်အောင် စစ်ဆေးဟန် မရှိဘဲ သံသယ နဲ့ စစ်ဆေး အမိန့်ချ တဲ့ အတွက် စိတ်မကောင်း ကြောင်း ညီဖြစ်သူ စိုင်းဟန်မိန်း က ရှင်းပြ ပါတယ်။

သက်သေ အဖြစ် ခေါ်ဆောင်ခံရ ပြီးမှ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံရတဲ့ စိုင်းကျော်သန်း ရဲ့ နှမ ကလည်း တရား မျှတမှု ကင်းမဲ့ကြောင်း၊ အကိုဖြစ်သူ ဟာ ထွက်ပြေးချိန် ရပေမယ့် ဒီအမှု နဲ့ မပတ်သက်ကြောင်း စစ်ဆေးစဉ် က ရှင်းပြ ခဲ့ပြီးမှ နှစ်ရှည် ထောင်ချလိုက် လို့ အယူခံ တင်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အဆိုပါ ရှမ်း တိုင်းရင်းသား ၅ ဦးဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ပတ်သက်ခြင်း မရှိဘဲ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပြီး ကားလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ပုံ ကို မိသားစု ဝင်တွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ