Magsaysay ဆု ကချင် အမျိုးသမီးကို ချီးမြှင့်

  • 24 ဇူလိုင် 2013
Image caption Ramon Magsaysay Award ဆုဟာ အများ ကြည်ညို လေးစားတဲ့ ဖိလစ်ပိုင် သမ္မတ ကို ဂုဏ်ပြု မှည့်ခေါ်ထား

အာရှဒေသရဲ့ နိုဘဲလ် ဆုလို့ ခေါ်ကြတဲ့ Ramon Magsaysay Award ဆု ရသူတွေ စာရင်းကို ဒီကနေ့ ထုတ်ဖေါ် ကြေညာလိုက်ရာမှာ လူသားချင်း စာနာတဲ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေသူ မေတ္တာ ဖေါင်ဒေးရှင်း အဖွဲ့က ညွှန်ကြားရေး မှူးဟောင်း ကချင်အမျိုးသမီး ဒေါ်ဆန်းရော် ဆုရရှိခဲ့ပါတယ်။

ဒေါ်ဆန်းရော်နဲ့အတူ ဆုရသူတွေထဲမှာ အမျိုးသမီးတွေ ပညာသင်ခွင့် ရရေး ကြိုးပမ်း ဆောင်ရွက်နေသူ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီး ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာ Habiba Sarabi၊ အသည်းရောင် အသားဝါပိုးB ကာကွယ်ဆေးနဲ့ ကလေးငယ် သန်းပေါင်းများစွာရဲ့ အသက် ကယ်တင်ခဲ့သူ ဖိလစ်ပိုင် ဆရာဝန် Ernesto Domingo ၊ အင်ဒိုနီးရှားနိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် Komisi Pemberantasan အဖွဲ့နဲ့ နီပေါနိုင်ငံက လူမှောင်ခိုကူးမှု တိုက်ဖျက်တဲ့ အဖွဲ့ Shaki Samuha ( Power Group) တို့ ပါဝင်ပါတယ်။

Ramon Magsaysay Award ဆုဟာ ၁၉၅၇ ခုနှစ်က လေယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ Ramon Magsaysayကို ဂုဏ်ပြု အမည်ပေးထားတာ ဖြစ်ပြီး လူမှု အသိုင်းအဝိုင်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သူ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့တွေကို ဆုချီးမြှင့် လေ့ရှိပါတယ်။

ဒေါ်ဆန်းရော်ဟာ ၁၉၉၄ခုနှစ် KIA နဲ့ အစိုးရကြား အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့အပြီး ကချင်ဒေသမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၁၉၉၈ ခုနှစ်က စလို့ မေတ္တာ ဖေါင်ဒေးရှင်း ထူထောင်ပြီး လူမှုရေး လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့ရာမှာ ပဋိပက္ခ တိုက်ပွဲတွေ ဖြစ်နေရာ ဒေသတွေက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ တင်မက သဘာဝ ဘေးအန္တရာယ်ခံရတဲ့ ဒေသတွေမှာလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေး နေကြောင်းနဲ့ အခုအခါ ပြည်နယ် ၅ခုနဲ့ ဒေသကြီး ၅ခုမှာ လူမှု ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေကြောင်း ဒေါ်ဆန်းရော်က ဘီဘီစီကို ပြောပါတယ်။

အခုအခါမှာတော့ မေတ္တာ ဖေါင်ဒေးရှင်း ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ တာဝန်ရပ်နားလိုက်ပြီ ဖြစ်ပေမယ့် ဘေးကနေ တတ်အားသရွေ့ ပံ့ပိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ ကချင်ဒေသမှာ လူမှု ဒုက္ခဘေးတွေနဲ့ ရင်ဆိုင်နေရတာမို့ ကချင် အမျိုးသမီးတဦးအနေနဲ့ အားမွေးရမယ့် အချိန်မျိုးမှာ ဒီ Ramon Magsaysay ဆု ရခဲ့တာကြောင့် အားတက် ဂုဏ်ယူ ဝမ်းသာမိတယ်လို့ ဒေါ်ဆန်းရော်က ဘီဘီစီကို ပြောပါတယ်။

ဆုရသူတွေကို Ramon Magsaysay Award ဖေါင်ဒေးရှင်းက ငွေသား ဒေါ်လာ ၅သောင်း ချီးမြှင့်မှာ ဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၁ရက်နေ့မှာ မနီလာမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။