မန္တလေးမှ ခွေးတွေ တရုတ်နိုင်ငံ တင်ပို့

  • 26 ဇူလိုင် 2013
_stray_dog_in_china
Image caption ခွေးတွေ တရုတ်ဖက် တင်ပို့ ရောင်းချ

မန္တလေးမြို့က ခွေးတွေကို ဖမ်းပြီး တရုပ်နိုင်ငံကို တင်ပို့ ရောင်းချ နေပါတယ်။ ဒါကို တိရိစ္ဆာန် ချစ်သူတွေက အကာအကွယ် ပေးဖို့အတွက် ကြိုးစားနေကြပါတယ်။ မန္တလေးမှာ ခွေးဖမ်းစုထားတဲ့ စျေးကွက်က အတော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။

မန္တလေး ပုလိပ်မြို့မှာ ခွေး အကောင် ၂ဝဝ ကျော် လှောင်ထားတဲ့နေရာက ခွေးအကောင် ၆ဝ ကို ငွေပေးပြီး ရွေးထုတ်ခဲ့သူ ဒေါ်မြတ်သက်မွန်က ခွေးအရောင်းအဝယ် အခြေအနေကို ပြောရာမှာ မူဆယ် က တဆင့် တရုတ်ပြည် ကို ကားတွေ နဲ့ ပို့ရာမှာ စီးပွားကုန်သွယ် စာရွက် စာတန်း တွေ နဲ့ ပို့ တဲ့ အကြောင်း ဘီဘီစီ ရှင်းပြပါတယ်။ ဒါပေမယ့် ခွေးတွေကို တခြားနိုင်ငံကို တင်ပို့ရောင်းချခွင့် တားမြစ် ထားတာ မရှိဘူး လို့ စီးပွားကူးသန်း ဝန်ကြီးဌာန က တာဝန်ရှိသူ က ပြောပါတယ်။ ခွေးလေ ခွေးလွင့်တွေ ကို ထိန်းသိမ်းဖို့က စည်ပင်ရဲ့ တာဝန် ဖြစ်ပြီး အခုလို စီးပွားဖြစ် လုပ်နေတာ တော့ မသင့်တော်ဘူးလို့ ကုမုဒြာဂျာနယ် မန္တလေးအယ်ဒီတာ ဦးစမ်းယုက ပြောပါတယ်။ ခွေးတွေ ကို လိုက်ဖမ်းနေတာ ကို မန္တလေး စိန်ပန်းရပ်ကွက် နဲ့ မြစ်ငယ် ပုလိပ် ဖက်မှာ မျက်မြင်တွေ့သူ တွေ ရှိကြ ပါတယ်။

ခွေးတွေကို တနေရာမှာထိန်းသိမ်းပြီး သားမွေးမှု တွေကိုထိန်းသိမ်းတာက ကောင်းတယ် လို့ ပြောကြပါတယ်။ နည်မှန် လမ်းမှန် နဲ့ မျိုးမပွားအောင် လုပ်နိုင်ရင်၊ ခွေးလေ ခွေးလွင့် ပြဿနာ ပြေလည်စရာ ရှိတဲ့ အကြောင်း လည်း ကုမုဒြာဂျာနယ် မန္တလေးအယ်ဒီတာ ဦးစမ်းယု က ဘီဘီစီ ကို ပြောပါတယ်။