ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ

  • 27 ဇူလိုင် 2013
Image caption မလေးရှားကနေ ပြန်လာတဲ့ မြန်မာ အလုပ်သမားပေါင်း ၃ထောင်နီးပါး ရှိ

မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမား တချို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ ရှိနေတဲ့အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ လုပ်နေကြသူ အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မလေးရှားမှာ တရားမဝင် အလုပ်လုပ်နေသူ မြန်မာ အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ မှာ ဒဏ်ငွေ ဆောင်ရပါတယ်။

အရင်က မလေးရှားငွေ ရင်းဂစ် ၄ဝဝ ပေးရပေမယ့် အခုရက်ပိုင်းမှာတော့ ရင်းဂစ် ၃ဝဝဝ အထိ တိုးမြှင့် ကောက်ခံ ယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာ သံရုံးဘက်က အခမဲ့ လုပ်ပေးနေတာ ဖြစ်ပေမယ့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဘက်ကို ပေးရတဲ့ ငွေက အဆမတန် တိုးသွားတဲ့ အတွက် မြန်မာ အလုပ်သမားတွေ ဒုက္ခတွေ့နေရတယ်လို့ မလေးရှားရောက် မြန်မာ အလုပ်သမားတွေကို တတ်နိုင်သလောက် အကူအညီပေးနေတဲ့ ပညာအိမ် ဦးမျိုးညွှန့် က ဘီဘီစီကို ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံကို ပြန်သွားတဲ့ အလုပ်သမားပေါင်း ၂ထောင်ကျော် ၃ထောင်နီးပါးလောက် ရှိနေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပြန်ဖို့ အလုပ်ထွက်လိုက်ပြီးမှ ပြန်လို့ မရ ဖြစ်ပြီး အလုပ်လက်မဲ့ ဒုက္ခ ရောက်နေကြသူတွေလည်း ရှိတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

တချို့ကတော့ အန္တရာယ် များပေမယ့် စျေးသက်သာတဲ့ နည်း ဖြစ်တဲ့ ထိုင်းနိုင်ငံကနေ တဆင့် ဖြတ်ပြန်တဲ့ အောက်လမ်းကို သုံးပြီး ပြန်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်တာမျိုးတွေ မရှိပဲ ငြိမ်နေတယ်လို့လည်း သူက ပြောပါတယ်။