လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘောထား ကွဲ

  • 26 ဇူလိုင် 2013
Burma Parliament
Image caption သမ္မတနဲ့ ပါလီမန်ကြား သဘောထား ကွဲပြန်

ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ဆိုင်ရာ ဥပဒေ မူကြမ်းထဲမှာ နိုင်ငံတော် လျှို့ဝှက်ချက်က လွဲပြီး တခြား အချက် အလက်တွေကို ဌာန ဆိုင်ရာတွေဆီ တောင်းယူ ကြည့်ခွင့် ရဖို့ လွှတ်တော် အမတ်တွေက ထည့်သွင်း ထားတာကို သမ္မတက လက်မခံ ခဲ့ပါဘူး။

လွှတ်တော် အမတ်တွေ အနေနဲ့ အစိုးရ ဌာနတွေ ဆီက အချက် အလက် တောင်းခံခွင့် ရရှိဖို့ လုပ်တာလို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လွှတ်တော် အမတ်တွေ အနေနဲ့ သူတို့ မဲဆန္ဒနယ်က အခြေ အနေနဲ့ ပတ်သက်လို့ သိချင်တဲ့ အချက်တွေကို အစိုးရ ဌာနတွေဆီက တောင်းခံတဲ့ နေရာမှာ ဥပမာ စည်ပင်လို ဌာနမျိုးမှာ အဆောက်အဦ ဆောက်လုပ်မှု ကိစ္စ ခွင့်ပြုချက် ဘယ်လို ပေးသလဲ ဆိုတဲ့ အချက် အလက်မျိုးကို တောင်းခံရင် ဘယ်တော့မှ မရရှိ ကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ အချက်ကို သမ္မတ ဘက်က ဘာကြောင့် လက်မခံသလဲ ဆိုတဲ့ အကြောင်းရင်း ကိုတော့ မသိရသေး ပါဘူး။

ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတက မှတ်ချက် ပေးပြီး ဖြုတ်ခိုင်း တဲ့ အဲဒီ အချက်တွေကို ပြည်ထောင်စု လွှတ်တော်က မပြင်ဘဲ ဇူလိုင်လ ၂၆ ရက်ကပဲ အတည်ပြု လိုက်ပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သီတင်း နှစ်ပါတ် ကြာရင် ဒီဥပဒေ အတည်ဖြစ် သွားတော့မှာ ဖြစ်ပါတယ်။

ဒီ ပြည်နယ်နဲ့ တိုင်းလွှတ်တော် ဆိုင်ရာ ဥပဒေ မူကြမ်းဟာလည်း သမ္မတနဲ့ လွှတ်တော် အကြား အားပြိုင်မှု တစ်ခုလို့ လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ