ဒီနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်နိုင်ချေ မရှိ

  • 27 ဇူလိုင် 2013
Image caption ဇူလိုင် ၂၃ ရက် လွတ်လာသူတွေ

သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် တကယ်လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ လက်ရှိထောင်ထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောကြပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် လွတ်လာခဲ့ပေမယ့် ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးသလို နောက်ထပ်လည်း နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးနေတာတွေ ရှိနေပါသေးတယ်။

မန္တလေးအိုးဘိုထောင်ထဲမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ် ၃လကျခံနေရတဲ့ အကျဉ်းသား ကိုအေးသိန်းက ဒီနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်မယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တောင်သူလယ်သမား၊အလုပ်သမား အရေး ကူညီဆောင်ရွက်သူတွေကို ဖမ်းဆီးတဲ့အမှုတွေ တိုးလာတာရှိပြီး လျော့သွားတာ မရှိတဲ့အတွက်လို့ ပြောပါတယ်။

နိုင်ငံတော်သီချင်းဆိုတာတောင် အကြောင်းပြပြီး တရားသူကြီးတွေက ထောင်တနှစ်ချတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း နိုင်ငံရေးပုဒ်မနဲ့ ဖမ်းမှသာ နိုင်ငံရေးအကျဉ်းသားလို့ မယူဆသင့်ဘဲ အများပြည်သူအကျိုးအတွက် မိမိကိုယ်ကျိုးကိစ္စကို ဦးထိပ်မထားဘဲ လှုပ်ရှားဆောင်ရွက်သူမှန်သမျှကို နိုင်ငံရေးအကျဉ်းသားလို့ မှတ်ယူနိုင်ကြောင်း ပြောပါတယ်။

လက်ရှိအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တရာခန့်ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ