ကျောက်ဖြူ ယူနန် ဓါတ်ငွေ့ ပိုက်လိုင်း စဖွင့်

  • 28 ဇူလိုင် 2013
Image caption သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ပြည်သူတွေ အကျိုး ခံစားရမယ်လို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းမှာရှိတဲ့ တံတားဦး မြို့နယ်ထဲက ဓါတ်အား ထုတ်လွှတ်ရေး စခန်းကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းအပါအဝင် တရုတ် မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။

အဲဒီ ပိုက်လိုင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလကစပြီး တရုတ် CNPC ကုမ္ပဏီ ၊ ကိုးရီးယား ဒေဝူးကုမ္ပဏီ စတဲ့ ကုမ္ပဏီ ၅ခုနဲ့ အပိုင်းလိုက် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသဘာဝ ဓါတ်ငွေ့တွေကနေ မြန်မာနိုင်ငံမှာ လျှပ်စစ် စွမ်းအင်တွေ အသုံးပြုနိုင်တော့မယ်လို့ ဖွင့်ပွဲ အခမ်းအနားမှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောသွားပါတယ်။

ဒီပိုက်လိုင်းရဲ့ အဓိက တာဝန်ရှိတဲ့ တရုတ်ဘက်က CNPC ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ မစ္စတာ ဝမ်ဒုံကျင်းကလည်း ဒီပိုက်လိုင်း ပြီးဆုံး အောင်မြင်သွားတာကြောင့်တရုတ် အနောက်တောင်ပိုင်းဒေသကို လောင်စာ ဖြည့်တင်း ပေးနိုင်မှာ ဖြစ်သလို မြန်မာနိင်ငံ အတွက် ပို့ကုန်ကနေ အမြတ်ငွေ ရရှိတာအပြင် ပိုက်လိုင်း တလျှောက်က ပြည်သူတွေအတွက် စွမ်းအင်တွေ ရရှိမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အနာဂါတ်မှာ မြန်မာ ၊တရုတ်၊ အိန္ဒိယ၊ ကိုရီးယား ၄နိုင်ငံပေါင်းပြီး စွမ်းအင်ဆိုင်ရာ ပူးပေါင်းမှုတွေ ထပ်လုပ်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

ဒီလို နှစ်ဖက် တာဝန်ရှိသူတွေက ဒီ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် အကျိုးရှိမယ်လို့ ပြောနေကြပေမယ့် ပိုက်လိုင်း ဖြတ်သွားရာ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊မကွေးတိုင်း နဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကတော့ ဒီပိုက်လိုင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးသလို စိုက်ပျိုးမြေတွေ ဆုံးရှုံးရတာအပြင် လူတွေရဲ့ အသက် အိုးအိမ်တွေကို ခြိမ်းခြောက်ခံနေရလို့ ကန့်ကွက်တဲ့အကြောင်း ဒီကနေ့မှာဘဲ ပြောလိုက်ပါတယ်။

ဒီပိုက်လိုင်း စီမံကိန်းဟာ ပြည်သူ လူထု၊ အစိုးရနဲ့ ရင်းနှီး မြှုပ်နှံသူတွေ အတွက် သာတူ ညီမျှ အကျိုး ခံစားနိုင်တဲ့ စနစ် ရှိသင့်ကြောင်း၊ နစ်နာစရာ ရှိရင် ပြည်သူတွေပဲ နစ်နာရလေ့ ရှိပြီး အကျိုးအမြတ်တွေကိုတော့ အစိုးရနဲ့ ရင်းနှီး မြှုပ်နှံသူတွေကသာ ခံစားလေ့ ရှိကြောင်း၊ရရှိတဲ့ အကျိုးခံစားမှု တွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု မရှိရင် ဒီစီမံကိန်းကို ဆက်လက် ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ပိုက်လိုင်း ဖြတ်သွားရာ လမ်းတလျှောက်က ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီရဲ့ တာဝန်ခံ မနှင်းယုရွှေက ပြောပါတယ်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကနေ ထုတ်လုပ်တဲ့ သဘာဝ ဓါတ်ငွေ့တွေကို ရခိုင်ပြည်နယ် ကျောက်ဖြူ ကုန်းတွင်းပိုင်း ဓါတ်ငွေ့ ထုတ်လွှတ်ရေး စခန်းကနေ ယူနန်ပြည်နယ်ကို ၇၉၃ ကီလိုမီတာ ရှည်ပြီး အချင်း လက်မ ၄၀ ရှိတဲ့ ဒီပိုက်လိုင်းကနေ တနေ့ကို ကုဗပေ သန်း ၁၂၀ဝ ပို့လွှတ်မယ်လို့ သိရပါတယ်။