ပြည်ပ ဘုရားဖူး လုပ်ငန်း ကင်းလွတ်

  • 28 ဇူလိုင် 2013
haj
Image caption ဘုရားဖူး လုပ် ငန်း တွေ ပုဂ္ဂလိကကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေး

နှစ်ပေါင်း များစွာ သာသနာရေး ဌာနက ချုပ်ကိုင် ထားတဲ့ ဗုဒ္ဓ ဂါယာ နဲ့ ဟာဂျီ ဘုရားဖူး လုပ်ငန်း တွေကို ပုဂ္ဂလိကကို လွတ်လပ်စွာ လုပ် ကိုင်ခွင့် ပေးတာဟာ အခြေခံ ဥပဒေ အရ ဖြစ်ကြောင်း ဒုတိယ သာသနာရေး ဝန်ကြီး ဦးစိုးဝင်း က ပြောပါတယ် ။

အရင်က ဗုဒ္ဓ ဂါယာ ဘုရားဖူးကို သာသနာရေး ဌာန တာဝန် ပေးထားတဲ့ ခရီး သွား လုပ်ငန်း ကုမ္ပဏီ ၅ ခု လောက် နဲ့ လုပ်နေ ပေမယ့် ဒီနှစ် ထဲမှာ ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်း ကို မချုပ်ကိုင် တော့ဘူး လို့ စာရောက်လာ ပါတယ်။

တနင်္ဂနွေ နေ့က ရန်ကုန်မြို့ တံတားလေး လမ်းဝ ဇမ္ဗူသီရိ ဗိမာန် မှာ ကျင်း ပတဲ့ ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်းရှင် တွေနဲ့ အစည်းအဝေး မှာ ဒုတိယ ဝန်ကြီး ဦးစိုးဝင်း က ၂ဝဝ၈ အခြေခံ ဥပဒေ အခန်း ၈ မှာ ပါတဲ့ နိုင်ငံသား များ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာမှာ တန်းတူ လုပ်ကိုင်ခွင့် မရ ဖြစ်နေတဲ့ အတွက် ဘုရားဖူး လုပ်ငန်းကို ဝန်ကြီး ဌာနက မထိန်းချုပ် တော့ဘူး လို့ ပြောသွား ပါတယ် ။

ဒါပေမဲ့ အကူအညီ ပေးဖို့ အတွက် လုပ်ငန်း ကော်မတီ ဖွဲ့ပြီး ကြီးကြပ်ဖို့ ရှိတယ်လို့ ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ရှင်းပြ ပါတယ် ။

နှစ်စဉ် မြန်မာ ဘုရားဖူး လေးသောင်း လောက် အိန္ဒိယနဲ့ နီပေါ နိုင်ငံ တွေကို ဘုရားဖူး သွားနေပြီး ဒီနှစ်မှာ ငါးသောင်း လောက် သွားနိုင်အောင် ပြင်ဆင် နေပါတယ် ။

ဒါပေမဲ့ မကြာခင် လပိုင်းက ဗုဒ္ဓ ဂါယာ မှာ ဗုံးပေါက်ခဲ့ တာကြောင့် လုံခြုံရေး စိုးရိမ်မှု တွေ ရှိကြပါတယ် ။

၁၉၈ဝ ဝန်းကျင်က စပြီး ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်း ခေတ်စား လာတာပါ ။

အဲဒီ တုန်းက သာသနာရေး ဌာနမှာ လျှောက်လွှာ တင်ရသလို လူဦးရေလည်း ရာဂဏန်း ဝန်းကျင်ပဲ သွားခွင့် ပေးပြီး ကန့်သတ် ထားပါတယ် ။

ဒီနှစ်မှာ ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်း လုပ်မယ့် ခရီးသွား လုပ်ငန်း ကုမ္ပဏီ ၈၄ ခု လောက်ထိ စာရင်းပေး ထားတယ် လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ