လာမယ့် ၂ ရက် အထိ ဆက်ပြီး မိုးကြီးနိုင်

  • 29 ဇူလိုင် 2013
Burma Floods
Image caption ပြည်နယ်နဲ့ တိုင်း တချို့မှာ မိုးကြီးပြီး ရေကြီးနေ

အခု ရက်ပိုင်း အတွင်း မြန်မာ နိုင်ငံ နေရာ အနှံ့ မိုးကြီး နေတဲ့ အတွက် မြေပြိုမှု၊ မြစ်ရေကြီးမှု၊ တောင်ပေါ် ကားလမ်း မြေပြိုမှု အန္တရာယ်တွေ ရှိနေ ပါတယ်။

ဇူလိုင်လ အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေတဲ့ အတွက် မုတ်သုန်လေ အားကောင်း ရာက ပိုမို အားကောင်းတဲ့ အခြေ အနေ အထိ ဖြစ်လာခဲ့ တာကြောင့် မြန်မာ နိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီး တချို့မှာ အခုရက်ပိုင်း အတွင်း မိုးကြီး နေတယ်လို့ မြန်မာ နိုင်ငံ မိုးလေ ဝသနဲ့ ဇလ ဗေဒ ဌာနက ပြောပါတယ်။

ဧရာ ဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တို့ မှာ မြစ်ရေကြီးမှု၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ဒုတိယ ညွှန်ကြား ရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

မိုးကြီး ရေလျှံနိုင်တဲ့ အခြေ အနေကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ပြည်သူတွေကို သတိပေးချက်တွေ ထုတ်ပြန် ထားရာမှာ တောင်ပေါ်လမ်းတွေ မြေပြိုနိုင်တဲ့ အတွက် မလိုအပ်ဘဲ ခရီး မသွား ကြဖို့၊ ဘေးအန္တရယ် ကျရောက် လာရင်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အန္တရာယ် ကျော်လွှားဖို့ လိုတယ်၊ အနိမ့်ပိုင်းတွေ ရေဝင်တဲ့ အခါ ရေမဝင်တောင် အတား အဆီးတွေ လုပ်ဖို့၊ ရတွေ ဝင်လာရင် အမြန် ရေပြန်ထုတ်နိုင်တဲ့ စနစ် ဆောင်ရွက် ထားဖို့ စသဖြင့် ကြိုတင် သတိပေးထားပြီး ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

လောလောဆယ်တော့ ကော့ကရိတ်မှာ နှစ်ရက် ဆက်တိုက် မိုးရေချိန် ၁၀ လက္မ ဝန်းကျင် မိုးရွာပြီး ဧရာ ဝတီတိုင်း ငါးသိုင်းချောင်းမှာ စိုးရိမ် ရေမှတ် အထက် ၉ စင်တီမီတာ အထိ ရောက်နေ ပြီး မအူပင်မှာ အနိမ့်ပိုင်း ဒေသတွေ ရေမြုပ် နေတယ်လို့ သူက ပြောပါတယ်။

အလားတူ တနင်္ဂနွေ နေ့က စတင်ပြီး မြစ်ကြောင်း ရှည်လျားတဲ့ သံလွင် မြစ်မှာ ရေကြီးနေလို့ ရှမ်းပြည် ဘက်ကနေ စတင် စီးဆင်းလာတဲ့ ရေတွေက အောက်ပိုင်းမှာ လာစုတဲ့ အတွက် ဖားအံ မြို့မှာ စိုးရိမ် ရေမှတ် အထက် တစ်ပေခွဲ နှစ်ပေ လောက် အထိ ရောက်နေပြီး ရေကြီး နေတယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

လာမယ့် နှစ်ရက်လောက် အထိ ဆက်လက် ရေကြီး နေမှာ ဖြစ်ပြီး နှစ်ရက် ကျော်သွားရင် မြန်မာ နိုင်ငံ အရပ်ရပ်မှာ မိုးပြန်လျော့ သွားမယ်လို့ ခန့်မှန်း ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ