ရှစ်လေးလုံး ငွေရတု တက်မယ့် ခရစ္စဂန်းနစ္စ

  • 29 ဇူလိုင် 2013
88_304x171_bb
Image caption ၁၉၈၈ လူထု အုံကြွမှု မြင်ကွင်း

၈၈ လူထု လှုပ်ရှားမှုကြီး ဖြစ်ပွားနေတုန်းက နေ့စဉ် ဖြစ်ပျက် နေတဲ့ အခြေအနေတွေကို မြန်မာ တနိုင်ငံလုံး က လူတွေ သိရှိနိုင်အောင် ဘီဘီစီ လေလှိုင်းကနေ တဆင့် သတင်းပေး တင်ဆက် ပေးခဲ့တဲ့ သတင်းထောက် Christopher Gunness ဟာ အဲဒီ အချိန်က စစ်အစိုးရ မလိုလား တဲ့ သူတွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။

အခု ၈၈ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်မယ့် နှစ်ပတ်လည် မှာ တော့ ၈၈ မျိုးဆက် တွေရဲ့ ၈၈ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြား ချက်အရ သူဟာ မြန်မာ နိုင်ငံကို သွားရောက်တော့ မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကို ခရီးသွားဖို့ ဗီဇာ ရခဲ့တာကို မအံ့ဩ တဲ့ အကြောင်း၊ မြန်မာ နိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ၊ မြန်မာ သမ္မတ လန်ဒန် လာတုန်းက ပြောခဲ့တာတွေ ၊ မီဒီယာ လွတ်လပ်ခွင့် တွေ ရလို့ အရင်က ပိတ်ပင်ခံရ သူတွေ တောင် လွတ်လွတ်လပ်လပ် ထုတ်ဝေ နေကြချိန်မှာ သူ့ အတွက် ဗီဇာ မရစရာ မရှိပါဘူး လို့ ဘီဘီစီ မြန်မာဌာန နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။

ဒီခရီးစဉ် ဟာ သူ့အတွက် ပထမဆုံး ဖြစ်တဲ့ အကြောင်း၊ မြန်မာ နိုင်ငံကို ပြန်သွား ရဖို့ ကိုလည်း မျှော်လင့်ထားတဲ့ အကြောင်းတွေ ပြောပါတယ်။ ၈၈ အရေးတော်ပုံ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား တချို့ ဟာ သတင်းပို့ နေချိန်က သူ နဲ့ ပြောဆို ဆက်ဆံခဲ့ ကြဖူးလို့ ဒီလူတွေကို တွေ့လိုပြီး ကျေးဇူးတင်ကြောင်း ပြောလိုပုံ၊ ပြီးတော့ အဲဒီတုန်းက သူ့ ကို ကူညီ ခဲ့ကြသူတွေ၊ သတင်း အချက်အလက်တွေ ပေးခဲ့ ကြသူတွေ၊ ဘာသာပြန် ပေးခဲ့ကြသူတွေ အားလုံး ကို လည်း တွေ့ချင်တဲ့ အကြောင်းလည်း ပြောပါတယ်။ သူတို့တတွေ ကို ကျေးဇူးတင်စကား ပြောချင်တဲ့ အတွက် အဲဒီ လူတွေ ကလည်း အခု ၈၈ နှစ်ပတ်လည် ပွဲကြီးမှာ သူ့ကို လာရောက် တွေ့ဆုံကြမယ် လို့ လည်း မျှော်လင့် ထားတာကို ခရစ္စဂန်းနစ္စ က ရှင်းပြပါတယ်။

နောက်ပြီးတော့ ၈၈ အရေးတော်ပုံကြီး စခဲ့ရတဲ့ နောက်ကွယ်က အကြောင်းတွေကိုလည်း ထပ်ပြီး သိနားလည် ရဖို့ မျှော်လင့်ထားတဲ့ အကြောင်း၊ အဲဒီတုန်းက သူ က လမ်းတွေပေါ်မှာ ဖြစ်နေတာတွေ ကို သာ တင်ပြ ပေးနိုင်ခဲ့တာပြီး၊ အဲဒီ အရေးတော်ပုံရဲ့ ရိုက်ခတ်မှုတွေ အကြောင်း ကို လည်း သိချင်သလို တကယ် ဘာတွေ တွေ့ကြုံလာ ရမလဲ ဆိုတာတော့ မခန့်မှန်း တတ်ဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။။