မြန်မာအလုပ်သမား မလေးရှား သွားခွင့်ပြု

  • 30 ဇူလိုင် 2013
_bbc_work_304x171
Image caption မလေးရှားရောက် မြန်မာ အလုပ်သမား

မလေးရှား နိုင်ငံမှာ မြန်မာတွေ သန်းနဲ့ ချီပြီး အလုပ်သွားရောက် လုပ်ကိုင်ရာက ပြီးခဲ့ တဲ့ လ ပိုင်းတွေ အတွင်း လူသတ်မှု တွေ ပေါ်ပေါက်ခဲ့ တဲ့ အတွက်၊ မြန်မာ အစိုးရ က အလုပ် သွားလုပ်ခွင့် ပိတ်ပင်ထားရာ က စျေးကွက် ပျက်မယ့် အခြေအနေကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ က ပြန်လည် ခွင့်ပြု လိုက် ပါ ပြီ။

အလုပ်သမားတွေ စေလွှတ်ခွင့် ရပ်ဆိုင်းထားတဲ့ အတွက် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တွေ အနေနဲ့ လည်း အခက်ကြုံရပါတယ်။ အခုတော့ မလေးရှား နိုင်ငံ ရဲ့ အခြေအနေ လည်း ပြန်လည် တည်ငြိမ် လာပြီ ဖြစ်တဲ့ အတွက် အစိုးရ က ပြန်ခွင့်ပြုတဲ့ အကြောင်း၊ တရားဝင် လုပ်သားတွေ စေလွှတ်ပေးနေတဲ့ ရောင်ဝါဦး ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်ဇော်အောင် က ဘီဘီစီ ကို ပြောပါတယ်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အဖွဲ့ချုပ်ရုံးဆီ၊ နေပြည်တော် အလုပ်သမား ဝန်ကြီးဌာန က အကြောင်းကြား တာ ကို ဦးဇော်ဇော်အောင် က ပြောတာပါ။ မလေးရှား နိုင်ငံ ဟာ အရင်ကတည်းက စိတ်ချ ရပုံ၊ ပြဿနာ ဆိုတာလည်း ဘယ်နိုင်ငံ မှာ မဆို ရှိတတ်ပုံ၊ ပြန်လာကြတဲ့ အလုပ်သမား ဦးရေနဲ့ လက်ရှိ ကျန်ခဲ့တဲ့ အလုပ်သမား ဦးရေ ကို ချိန်ဆ ရင် သိနိုင်ပုံ၊ လုံခြုံမှု မရှိရင်တော့ အားလုံးလိုလို ပြန်လာကြမှာဘဲ လို့ ဦးဇော်ဇော်အောင် က ရှင်းပြပါတယ်။

တရားဝင် သွားခွင့် ကို ပြီးခဲ့တဲ့ ဇွန်လ က ပိတ်ထားခဲ့ရာက အခုပြန်ခွင့်ပြု ရာမှာတော့၊ အလုပ်သမား အေဂျင်စီ တွေ အနေနဲ့ အလုပ်သမားတွေ ရဲ့ အခွင့်အရေး တွေ ကို တာဝန်ယူပေး ဖို့ လိုအပ်ပုံ တွေ၊ ပြဿနာ ဖြစ်ရင်လည်း အေဂျင်စီ က ရှင်းပေးရမယ့် အကြောင်း တွေ ကို ဦးဇော်ဇော်အောင် က ရှင်းပြပါတယ်။