အိန္ဒိယ မြန်မာ ရေတပ် ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး

  • 30 ဇူလိုင် 2013
Image caption မြန်မာ နဲ့ အိန္ဒိယ ရေတပ်အကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဖို့ရှိ

အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နဲ့ အဖွဲ့ဟာ အိန္ဒိယ ရေတပ် ဦးစီးချုပ် DK Joshiနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ရေတပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုခိုင်မာအောင် လုပ်ရေး ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယရေတပ်အနေနဲ့ မြန်မာရေတပ်ကို သင်္ဘော ဆောက်လုပ်မှုတွေ ၊ သင်္ဘော ဒီဇိုင်းဆွဲမှုတွေမှာ အကူအညီ ပေးနေသလို ရေတပ် အမှုထမ်းတွေအတွက် ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ လေ့ကျင့် သင်တန်း ပေးမှုတွေမှာလည်း ကူညီ ဆောင်ရွက်နေကြောင်း၊ မြန်မာရေတပ်မှာ ရေငုတ်သင်္ဘော မရှိသေးပေမယ့် မကြာခင် ရှိလာတော့မှာမို့ ရေငုပ် သင်္ဘောဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ရေဒါ စနစ် စတာတွေမှာ အိန္ဒိယ ရေတပ်က အကူအညီပေးနေကြောင်း အိန္ဒိယ စစ်ရေး နည်းဗျူဟာ ဆိုင်ရာ အကဲခတ် ဗိုလ်ချုပ်ကြီးဟောင်း Ashok Mehta က ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယ မြန်မာ နှစ်နိုင်ငံအကြားမှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေသာမက ပြည်သူအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယ နိုင်ငံအကြား ခိုင်မာ တောင့်တင်းတဲ့ ဆက်ဆံရေး ကာလတာရှည် ထားရှိခဲ့တာ ဖြစ်ပြီး မြန်မာ စစ်အစိုးရ လက်ထက်မှာ မြန်မာ စစ်ခေါင်းဆောင် တွေက အိန္ဒိယကနေ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသထဲ ဝင် ခိုလှုံနေတဲ့ အိန္ဒိယ သူပုန်တွေကို တိုက်ထုတ် ချေမှုန်းပေးခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နဲ့ အဖွဲ့ဟာ အင်္ဂါနေ့မှာ ကိုချင်မြို့က တောင်ပိုင်း ရေတပ်စခန်းကို သွားရောက် ကြည့်ရှုခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အရှေ့ပိုင်း ရေတပ်စခန်းကို သွားရောက်မှာ ဖြစ်ပါတယ်။