ကရင်ပြည်နယ်မှာ မိုးဆက်တိုက် ရွာပြီး ရေကြီး

  • 30 ဇူလိုင် 2013
Image caption မိုးရွာပြီး တောင်ကျရေ ဆင်းလို့ ရေကြီးပြီ

ကရင်ပြည်နယ်မှာ အခု ရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာပြီး မိုးရေနဲ့ တောင်ကျရေတွေကြောင့် မြို့ ၅ မြို့မှာ ရေကြီးနေပါတယ်။

ကရင်ပြည်နယ်ထဲ ရေကြီးနေတဲ့ မြို့တွေကတော့ မြ၀တီ ၊ ကော့ကရိတ် ၊ ဘားအံ ၊ လှိုင်းဘွဲနဲ့ ကြာအင်းဆိပ်ကြီး ၅ မြို့ ဖြစ်ပါတယ်။

အဲဒီအထဲမှာ အဆိုးရွားဆုံးက မြ၀တီမြို့ ဖြစ်ပြီး တမြို့လုံးနီးပါး ရေမြှုပ်ကာ သောင်ရင်းမြစ်နား မှာဆိုရင် ၂ ထပ်အိမ်တွေတောင် မြုပ်သွားကြောင်း သိရပါတယ်။

အဲဒီ ၅ မြို့နယ်မှာ ရေဘေးသင့်တဲ့ အိမ်ထောင်စု ၅ ထောင် နီးပါး ရှိပြီးတော့ လူဦးရေ ၂၃၀၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

ရေဘေး ကယ်ဆယ်ရေး ၊ အရေးပေါ် ဆောင်ရွက် ပေးနေတာတွေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးမြင့်တင်က ဘီဘီစီကို ပြောကြားရာမှာ လောလောဆယ်တော့ အများနဲ့ဆိုင်တဲ့ အဆောက်အဦတွေ ၊ ဘာသာရေး အဆောက်အဦတွေမှာ ဒုက္ခသည်တွေကို နေရာချထားကြောင်း ၊ နေရာ လုံလောက်မှု ရှိပေမဲ့ သယ်ယူ ပို့ဆောင်ရေး အခက်အခဲ ရှိပြီး အစားအသောက်နဲ့ ရိက္ခာ ကိုတော့ ကိုယ့်အစီစဉ်နဲ့ ချက်ပြုတ်ကျွေး နေရကြောင်း ၊ ရေမနစ်တဲ့ရပ်ကွက်တွေက ချက်ပြုတ် ကူညီနေကြောင်း ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးမြင့်တင် ပြန်ပြောပြပါတယ်။

ရေကြီးနေတဲ့ ၅ မြို့နယ်စလုံးမှာ အသေအပျောက်တွေ မရှိပေမဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက် သွားတာကြောင့် တမြို့နဲ့တမြို့ကြား ၊ မြို့နဲ့ရွာတွေ ကြားမှာလည်း အဆက်အသွယ်တွေ ပြတ်တောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

လောလောဆယ် မိုးဆက်ရွာနေတာကြောင့် ရေဘေးဒုက္ခသည်တွေကော ၊ ရေဘေးမသင့်တဲ့သူတွေပါ အအေးမိ ၊ နာစေးဖြစ်နေသူတွေ ရှိကြောင်း သိရပါတယ်။

ကျန်းမာရေးအတွက် စောင့်ရှောင့်ပေးဖို့ ပြည်နယ်ကကော၊ ခရိုင်တွေမှာပါ ဆောင်ရွက်ပေးနေတယ်လို့ ဦးမြင့်တင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ