မန္တလေး ပေါက်ကွဲမှု မသင်္ကာသူ တွေကို စစ်ဆေးနေ

  • 30 ဇူလိုင် 2013
Mandalay Blast on 21 July 2013
Image caption ဇူလိုင် ၂၁ ရက်နေ့က တရားပွဲ အနီး ပေါက်ကွဲမှု ဖြစ်ခဲ့

မန္တလေးတိုင်း အတွင်းမှာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးသူတွေကို ပြစ်ဒဏ် ချမှတ် တာတွေ လုပ်နေချိန်မှာပဲ ဘာသာရေး တရားပွဲ အနီး ဖောက်ခွဲမှုနဲ့ ပတ်သက်လို့ သံသယ ရှိသူ တွေကိုလည်း ဖမ်းဆီး စစ်ဆေး နေပါတယ်။

အခုနှစ် မေလဆန်းက မန္တလေးမြို့ ၃၅ လမ်းနဲ့ ၇၈လမ်း လမ်းဆုံမှာ လူတစုက ဘာသာရေး အသွင် ဆောင်တဲ့ လှုံ့ဆော်မှု ပြုလုပ်ခဲ့တဲ့ အတွက် မြို့ခံတွေ အထိတ် တလန့် ဖြစ်ခဲ့ရ ပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လှုံ့ဆော်မှု ဖြစ်တဲ့ နေရာ အနီးတဝိုက်မှာ တွေ့တဲ့ လူငယ် သုံးယောက်ကို ဖမ်းဆီး စစ်ဆေးပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက် ပါတယ်။

အဲဒီ လူငယ် သုံးယောက်ဟာ ည အချိန်မတော်မှာ နိုင်ငံတော် သီချင်းကို အော်ဟစ် သီဆို ခဲ့ကြတဲ့ အတွက် လူစု လူဝေး ဖြစ်မှာကို စိုးရိမ် ရတယ်၊ ဒါဟာ မလုပ်သင့်တဲ့ ကိစ္စ ဖြစ်တာကြောင့် သူတို့ကို အရေး ယူရတာဖြစ်တယ်လို့ မန္တလေးတိုင်း ရဲမှူး ဦးစိုးငြိမ်း က ပြောပါတယ်။

တခါ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက် နေ့တုန်းက မန္တလေးမြို့ ၃၅ လမ်း နဲ့ ၈၆ လမ်းမှာ မန္တလေး မစိုးရိမ် ကျောင်းတိုက်က ဆရာတော် တပါး ဖြစ်တဲ့ ဦးဝီရသူရဲ့ တရားပွဲ အနီး ပေါက်ကွဲမှု ဖြစ်ခဲ့ တာကြောင့် လူငါးယောက် ဒဏ်ရာ ရတာနဲ့ ပတ်သက်ပြီး သံသယ ရှိသူ နှစ်ယောက်ကိုလည်း ဖမ်းဆီး စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

ဆရာတော် ဦးဝီရသူက အဲဒီ ဖောက်ခွဲမှုကို အစ္စလာမ် အစွန်းရောက်တွေ လုပ်တာလို့ ပြောတာဟာ အထင်နဲ့ ပြောတာ ဖြစ်ပြီး သူတို့ အနေနဲ့ ကတော့ အထောက်အထား မရှိဘဲ ဘာမှ မပြောနိုင်တဲ့ အကြောင်းနဲ့ လောလောဆယ် စုံစမ်း စစ်ဆေး နေတယ်လို့ ရဲမှူး ဦးစိုးငြိမ်း က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့က အစိုးရ အဖွဲ့ကရဲ့ ထုတ်ပြန်ချက်မှာ တိုင်းပြည် ရေရှည် တည်ငြိမ် အေးချမ်းရေးက အရေးကြီးတဲ့ အတွက် ဘာသာရေး အစွန်းရောက်တဲ့ ရန်လိုမှု တွေကို တိုက်ဖျက် သွားမယ့် အကြောင်းနဲ့ ဥပဒေ ချိုးဖောက်တဲ့ ဘယ်ဘာသာဝင် ဘယ်လို လူမျိုးကို မဆို အရေးယူမယ်လို့ ဖော်ပြခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ