ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်

  • 31 ဇူလိုင် 2013
rakhine
Image caption ရခိုင် အဓိကရုဏ်း ပျက်စီးဆုံးရှုံးမှု များပြား

ရခိုင် ဆူပူမှုတွေ အတွင်း ဖမ်းဆီး ခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

မြောက်ဦး မြို့နယ် ပုရိန်ကုန်း က ဦးထွန်းရွှေမောင်၊ မောင်သာကုန်း ရွာက ဦးမောင်မောင်နိုင်၊ ပန်းမြောင်း က ဦးမြင့်နိုင်၊ ကျောင်းတောင် က ဦးကံသာအောင် နဲ့ မောင်ထွီးစိန် တို့ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပုရိန်ကုန်း မွတ်ဆလင်ရွာ မီးရှို့ တိုက်ခိုက်မှုမှာ ပါဝင်သူတွေ ဆိုပြီး ပုဒ်မ ၁၃၆ မီးရှိုမှုနဲ့ စစ်တွေ ခရိုင်ရုံးက ထောင် သုံးနှစ်စီ ချလိုက် ပါတယ်။

ဒီအချိန် မှာပဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ စိစစ်ပြီး မွတ်ဆလင် တွေကို လုံးချင်း အိမ်ယာတွေ ဆောက်ပေးဖို့ ကိစ္စကို ခွင့်ပြုချက် မရဘဲ ဆန္ဒပြ ရာမှာ ဦးဆောင်သူ တွေလို့ စွပ်စွဲခံရသူ တွေကို တရားရုံး တွေက အမှု လက်ခံပြီး ကြားနာ စစ်ဆေး နေပြီ ဖြစ်ပါတယ်။

စစ်တွေက အဖွဲ့အစည်း ၂ဝ လောက်က အစိုးရ အာဏာပိုင် တွေကို ခွင့်ပြုချက် တင်ပေမယ့် ခွင့်ပြုမိန့် မကျ တာကြောင့် မတ်လ ၇ ရက် နေ့က စစ်တွေမှာ ဆန္ဒပြ ခဲ့ကြပါတယ်။

ဒေါ်မညိုအေးနဲ့ ဦးကျော်ဇောဦး တို့ နှစ်ဦးကို ဦးဆောင်သူ တွေလို့ စွပ်စွဲပြီး သက်ဆိုင်ရာ က တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲ တွေ ခွင့်ပြုချက် မရှိဘဲ လုပ်တဲ့ အတွက် ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၄ ဦးနဲ့ တောင်ကုတ်က ၃ ဦးကိုလည်း တရားစွဲ ထားပြီး အမှု ရင်ဆိုင် နေကြရတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ