ပြင်သစ်နဲ့ မြန်မာအကြား အကြွေးလျှော် လက်မှတ်ရေးထိုး

  • 31 ဇူလိုင် 2013
Image caption မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ ပြင်သစ် ကုမ္ပဏီတွေက အခွင့်အလမ်း စောင့်နေကြ တယ်လို့ ပြင်သစ် ကုန်သွယ်ရေး ဝန်ကြီး ပြော

ပြင်သစ် အစိုးရ ရဲ တရားဝင် ကုန်သွယ်ရေး ရုံးကို ရန်ကုန်မြို့ မှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ် ခဲ့သလို ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံ တင်ရှိ နေတဲ့ အကြွေးထဲ က တစ်ဝက် ဖြစ်တဲ့ သန်း ၅၅၀ ကို လျှော်ပေးမယ့် စာချုပ် ကို နေပြည်တော်မှာ တရားဝင် လက်မှတ် ရေးထိုး ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ပူးပေါင်း ရင်းနှီး မြုပ်နှံဖို့ အတွက် ပြင်သစ် ကုမ္ပဏီကြီးတွေက အခွင့်အလမ်း ကို စောင့်ဆိုင်း နေတယ်လို့ ပြင်သစ် ကုန်သွယ်ရေး ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေ ကို ပြောခဲ့ပါတယ်။

နေပြည် တော် မှာ လက်မှတ် ရေးထိုး ခဲ့တဲ့ အကြွေးလျှော် စာချုပ် ဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာ အစိုးရနဲ့ ပြင်သစ် အစိုးရတို့ အကြား ပထမဆုံး ချုပ်ဆိုတဲ့ စာချုပ် ဖြစ်ပါတယ်။

အခု ပြင်သစ် ကုန်သွယ်ရေး ဝန်ကြီးနဲ့ အတူ ပြင်သစ်နိုင်ငံ က ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး၊ ရထားလမ်း၊ အလှကုန်၊ ငွေကြေး ဝန်ဆောင်မှု၊ ဗိသုကာ၊ ပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ကြတဲ့ စီးပွားရေး ကုမ္ပဏီ ၁၅ ခု က လုပ်ငန်းရှင်တွေလည်း ပါ လာကြပြီး မြန်မာနိုင်ငံက အသေးစား၊ အလတ်စား ကုမ္ပဏီ တွေ နဲ့လည်း အင်္ဂါနေ့က တွေ့ခဲ့ ကြ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ က ဆန်ကို တန်ဖိုး မြှင့် ထုတ်လုပ်ပြီး ဥရောပကို တင်ပို့ နိုင်အောင် လုပ်ဖို့ ကို လည်း ပြင်သစ် ကုမ္ပဏီတွေ ကစိတ် ဝင်စား ကြ ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြေဈေး ကြီးနေ တာတွေ၊ လမ်း၊ လျှပ်စစ်၊ ဖုန်း၊ အင်တာနက်၊ ဘဏ်စနစ် စတာ တွေ မှာ အားနည်း နေသေးတာ နဲ့ ပတ်သက်လို့ စိုးရိမ် ပူပန် တာတွေ ရှိနေပါတယ်။

ပြင်သစ် က TOTAL ကုမ္ပဏီ မြန်မာနိုင်ငံမှာ ရင်းနှီး မြုပ်နှံ ခဲ့တုန်းက ပြဿနာ တစ်ချို့ ရှိခဲ့ဖူးတဲ့အတွက် အခုအချိန်မှာ ပြင်သစ် ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ရင်းနှီး မြုပ်နှံဖို့ကို လာရောက် လေ့လာတယ် ဆိုပေမယ့် လက်တွေ့မှာ ဂျပန်ကုမ္ပဏီ တွေလောက် အင်တိုက်အားတိုက် မရှိပဲ အချိန်ယူ စောင့်ကြည့် အကဲခတ်တဲ့ အခြေအနေ မှာသာ ရှိနေပါတယ်။