ချင်းမိုင် တိုင်းရင်းသား ညီလာခံ ပြီးဆုံး

  • 1 ဩဂုတ် 2013
Burma Constitution
Image caption သဘောတူညီချက်တွေ ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ရေးလည်း ပါဝင်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြည်တွင်း ပြည်ပက တိုင်းရင်းသားတွေ အစုံ အလင် ပါဝင်တဲ့ ညီလာခံ ကြာသပတေး နေ့က ပြီးဆုံးသွားခဲ့ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင် ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် ၁၇ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ ပါတယ်။

အဲဒီ သဘော တူညီချက် တွေထဲမှာ ဖွဲ့စည်းပုံ အသစ် ပြန်ရေး ဖို့လည်း ပါဝင်တယ်လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အဓိက အားဖြင့် နိုင်ငံရေး အရ ပူးပေါင်း ဆောင်ရွက်ဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံတဲ့ အတွက် ဖွဲ့စည်းပုံကို အသစ် ပြန်လည် ရေးဆွဲမယ် ဆိုတာတွေ ပါဝင်တယ် လို့လည်း သူက ပြောပါတယ်။

လက်ရှိ ပြည်ထောင်စု မြန်မာ နိုင်ငံကို ဖွဲ့စည်းရာမှာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်း သွားဖို့လည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့ အထိ ပြည်တွင်းပြည်ပက တိုင်းရင်းသား လက်နက်ကိုင် အစု အဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေ ၄ ရက်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ရာက ရရှိလာတာ ဖြစ်ပါတယ်။

ဒီညီလာခံကို တက်ရောက်သူ ပေါင်း ၁၂ဝ ယောက် ရှိပြီး အဲဒီ ထဲမှာ တခါမှ တက်ရောက်ခဲ့ဖူးခြင်း မရှိတဲ့ ပန်ဆန်း အခြေစိုက် ဝ ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ/တပ်မတော် UWSP/UWSA ၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု-သျှမ်း ပြည်အရှေ့ပိုင်း NDAA-ESS၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA-ESS ခေါ် ကိုးကန့် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ