အမုန်းတရားကြောင့် ဒီမိုကရေစီ ထိခိုက် နိုင်တယ်လို့ ဂျွန်ဘားကိုး ပြော

  • 1 ဩဂုတ် 2013
John Bercow
Image caption ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ လူငယ် တွေရဲ့ မေးခွန်း တွေကို ပြန်ဖြေခဲ့

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ဗြိတိန် အောက်လွှတ်တော် ဥက္က ဋ္ဌ ဂျွန် ဘားကိုးက မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး ဆိုင်ရာ အကြမ်းဖက်မှုနဲ့ အမုန်းတရားတွေ ဆက်ဖြစ် နေရင် လွန်ခဲ့တဲ့ ၂ နှစ် က ရယူ ဖော်ဆောင် ထားတာတွေ ကို ထိခိုက် လာနိုင်တယ်လို့ သတိပေးလိုက် ပါတယ်။

ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ လူငယ်တွေ ပါဝင်တဲ့ မြန်မာ ပြည်သူ တွေကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့တာပါ။

မြန်မာ နိုင်ငံရဲ့ လက်ရှိ အပြောင်း အလဲတွေ အပါဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ကိစ္စနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြောင်း လည်း ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ အပေါ် နိုင်ငံ တကာရဲ့ အမြင် ဘယ်လို ရှိတယ် ဆိုတာကိုပါ အကျယ် တဝင့် ထည်သွင်း ပြောသွား ပါတယ်။

မိနစ် ၄၀ ကြာ သူ့မိန့်ခွန်းမှာ ဂျွန် ဘားကိုးက ရိုဟင်ဂျာ လို့ ခေါ်တဲ့ မြန်မာ နိုင်ငံ ထဲက လူ ၈သိန်း ကိစ္စ အတွက် ၁၉၈၂ နိုင်ငံ သား ဥပဒေ ကို နိုင်ငံတကာ လူအခွင့် အရေး စံနှုန်း တွေနဲ့ အညီ ဆန်းစစ်ပြီး ပြုပြင်ဖို့ လွှတ်တော်နဲ့ အစိုးရ ကို တိုက်တွန်း သွားပါတယ်

မြန်မာ အစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာလည်း ဒေါ်အောင်ဆန်း စုကြည် နဲ့ အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်ထဲ ရောက်နေတာ၊ ပြီးခဲ့တဲ့ လက လန်ဒန်မှာ ၈၈ ကျောင်းသား ခေါင်းဆောင် တွေကို တွေ့ခွင့် ရပြီး နိုင်ငံရေးနဲ့ လူ့အဖွဲ့ အစည်း အတွင်းမှာ သူတို့ ပါဝင် ဆောင်ရွက် နေတာဟာ မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုရဲ့ ထူးခြားတဲ့ လက္ခဏာ လို့ မစ္စတာ ဘားကိုးက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အပြောင်း အလဲ ခရီးရှည် ကြီးဟာ အခုမှ အစပဲ ရှိသေးပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ် ပေးဖို့နဲ မြန်မာ နိုင်ငံက ဖိနှိပ်တဲ့ ဥပဒေတွေ ပြင်ဖို့ကို ဗြိတိန် ဘက်က ဝမ်းမြောက် ဝမ်းသာ ပံ့ပိုး လိုတယ်လို့ ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်ကို လာရောက် ဟောပြောတဲ့ ဂျွန် ဘားကိုးဟာ ဗြိတိန် အောက်လွှတ်တော်မှာ မြန်မာ နိုင်ငံနဲ့ ပက်သက်လို့ မေးခွန်းပေါင်း ၃၀၀ ကျော်နဲ့ မိန့် ခွန်း ၅ ခုကို လွှတ်တော် မှာ တင်သွင်း ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ လူငယ်တွေ ရဲ့ မေးမြန်းမှု တွေကိုလည်း ရှင်းရှင်း လင်းလင်း ဖြေခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ